ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အထွက် ပန်ဆေးရွာအနီးမှာ မတ်လ ၁၇ ရက်နေ့ မနက် ဆယ်နာရီခန့်က လမ်းလုပ်သားခြောက်ဦး မိုင်းနင်းမိခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက်လေးနှစ်နဲ့ ၁၄ နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသမီးငါးဦးလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ မိုင်းနင်မိသူတွေရဲ့ မိသားစုတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
“သူတို့က ကွတ်ခိုင်မြို့အထွက်က နမ့်ပါချီးရွာသားတွေဗျ။ တစ်ရွာလုံးက လမ်းလုပ်သားတွေပေါ့။ မနေ့က သူတို့ပန်ဆေးရွာကို လမ်းခင်းဖို့သွားရင်းနဲ့ အုပ်စုလိုက် မိုင်းနင်းမိတာ။ အမျိုးသားတစ်ယောက် ဒီမနက်မှာပဲ ဆုံးသွားတယ်”
ဒဏ်ရာရသူတွေထဲမှာ အသက် ၂၆ နှစ်အရွယ် မနန်းစန္ဒီကတော့ မျက်နှာ၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်တွေမှာ ထိခိုက်ပြီး ဒဏ်ရာရထားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။
အသက် ၁၃ နှစ်အရွယ် မခိုင်သဇင်အေးကတော့ မျက်နှာတစ်ခုလုံး ထိခိုက်ထားပြီး အသက် ၂၆ နှစ်အရွယ် မဇာခြည်ထွေးကတော့ ခါးနဲ့မျက်နှာတွေမှာ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသက် ၁၈ နှစ်အရွယ် မသင်းသင်းခိုင်က ခြေထောက်နဲ့မျက်နှာတွေမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက် လေးနှစ်အရွယ် ကလေးတစ်ဦးကတော့ မိုင်းစထိမှန် ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေကို ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံးကနေ ပုဂ္ဂလိကဆေးရုံတစ်ခုဆီ ဒီနေ့မနက်မှာ ပြောင်းရွှေ့ပြီး ဆေးကုသပေးနေတယ်လို့ မိုင်းထိလူနာတွေကို ကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။
လမ်းလုပ်သားတွေ မိုင်းနင်းမိတဲ့နေရာဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဇန်နဝါရီလ ၇ ရက်နေ့ကစပြီး ကွတ်ခိုင်မြို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်ထားတာပါ။
လမ်းလုပ်သားတွေ မိုင်းနင်းမိတဲ့အခြေအနေနဲ့ပတ်သက်လို့ TNLA ပြန်ကြားရေးဌာန တာဝန်ရှိသူကို RFA က ဒီနေ့မနက်ပိုင်းမှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
မတ်လ ၁၂ ရက်နေ့ကလည်း ပန်းဆေးရွာက အမျိုးသမီးတစ်ဦးနဲ့ ရပ်ကွက် (၅) မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့တာကြောင့် ခြေလက်အင်္ဂါတွေ ဆုံးရှုံးခဲ့ရပါတယ်။
RFA ကပြုစုထားတဲ့စာရင်းအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ နှစ်လအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ပေါက်ကွဲမှုကြောင့် ခုနစ်ဦးသေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရခဲ့ပါတယ်။