ကျိုက်မရော မြို့ပေါ်နဲ့ ရွာ ၃၀ ကျော် တစ်ပတ်ကျော်ကြာထိ ရေကြီးနေ
2019.08.16
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ တပတ်ကျော်ကြာ ရေကြီးနစ်မြုပ်ခဲ့ပြီး လက်ရှိအချိန်မှာ ရေအနည်းငယ်ပဲ ကျသေးတာကြောင့် မြို့ပေါ်ရပ်ကွက်နှစ်ခုနဲ့ ကျေးရွာ ၃၁ ရွာ ရေနစ်မြုပ်နေပြီး လူ ငါးသောင်းကျော် ရေဘေး သင့်နေတယ်လို့ သိရပါတယ်။
အတ္တရံမြစ်ရေဟာ ကျိုက်မရောမြို့မှာ စိုးရိမ်ရေအမှတ် ၅၂၀ စင်တီမီတာဖြစ်ပေမယ့် လက်ရှိအချိန်ထိ ၅၅၀ စင်တီမီတာမှာရှိနေသေးတာကြောင့် ရေကျနေပေမယ့် ကျိုက်မရောမြို့ပေါ်ရပ်ကွက် နှစ်ခုနဲ့ ကျေးရွာပေါင်း ၃၁ ရွာ ရေနစ်မြုပ်ဆဲဖြစ်ပါတယ်။
လက်ရှိကျိုက်မရောမြို့နယ်မှာ မြစ်ရေကျနေပေမယ့် ရေဘေးသင့်ပြည်သူတွေ အများကြီးရှိနေသေးတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောပါတယ်။
“မနေ့ကအထိက ငါးသောင်းခွဲလောက်ရှိတယ်၊ လေးသောင်းကျော်ကျော်တော့ ထပ်ရှိနေအုန်းမယ်၊ သူတို့အတွက် အခက်အခဲမရှိပါဘူး၊ ဒီရေထပ်ကျမယ်ဆိုရင်တော့ သူတို့နေအိမ်တွေဆီကို ပြန်ပြောင်းရွေ့နေဖို့က မကြာတော့ ဘူးလို့ ကျနော်တို့မျှော်လင့်တယ် ဒါကသိပ်မကြာတော့ဘူး”
ကျိုက်မရောမြို့နယ်မှာ ကားလမ်းတဝက်လောက် ရေပြန်ကျသွားတာကြောင့် ကားလမ်းပြန်အသုံးပြုလို့ရပြီး ကူညီကယ်ဆယ်ရေးတွေအတွက် အဆင်ပြေလာပြီလို့လည်း ဦးစောအောင်မြင့်ခိုင်က ပြောပါတယ်။
ကျိုက်မရောမြို့နယ်မှာ ရေဘေးသင့်ပြည်သူတွေဟာ အသက်အန္တရာယ်ရှိတဲ့အချိန်ကနေ လွတ်မြောက်လာပြီ လို့လည်း ဦးစောအောင်မြင့်ခိုင်က ပြောပါတယ်။
လက်ရှိအချိန်ထိ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာတွေဟာ ရေကြီးနစ်မြုပ်နေတာကြောင့် တချို့နေရာတွေမှာ သွားလာရေးခက်ခဲနေပြီး လူမှုကယ်ဆယ်ရေးအဖွဲ့က ကူညီထောက်ပံ့ရေးပစ္စည်းတွေကို အားကိုးနေရပါတယ်။
ဒီလိုကူညီကယ်ဆယ်ရေး သွားလုပ်သူတွေနဲ့ အလှူရှင်တွေဟာ ကျေးရွာတွေကို ထမင်းထုပ်အပါအဝင် ရေသန့်တွေ သွားရောက်လှူဒါန်းဖို့ လှေအခက်အခဲရှိနေပါတယ်။
အစိုးရကပေးထားတဲ့ လှေတွေရှိပေမယ့် ကွက်ကဲရေးရုံးက ခွင့်ပြုချက်တောင်းခံမှ အသုံးပြုရတာကြောင့် လှေအခက်အခဲတွေရှိနေတယ်လို့ ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့က ကိုနေမျိုးက ပြောပါတယ်။
“ဆိုးတာက အလှူရှင်တွေလာလို့ရှိရင် လှေတွေက မရှိဘူး၊ မရှိဘူးဆိုတာက လှေတွေက ငှားရတယ်၊ အစိုးရအဖွဲ့က ချပေးထားတဲ့လှေတွေကလည်း ကျနော်တို့ အလှပြယာဉ်တွေဖြစ်နေတယ်၊ လှေတွေသုံးဖို့ သူတို့ဆီကလက်မှတ်ရမှ ဒီလှေကိုသုံးရမယ်ဆိုရင် ကျနော်တို့က အဆင်မပြေဘူးလေ၊ လှေရှိတယ်၊ သူတို့လှေလည်းရှိတယ်၊ ပရဟိတလှေလည်းရှိတယ်၊ သုံးဖို့ချထားပေးတယ်၊ အလှူရှင်လာတယ် ကျနော်တို့က လှေကို လွတ်လွတ်လပ်လပ် သုံးပိုင်ခွင့်တော့ ပေးသင့်တယ်လို့ထင်တယ်”
လက်ရှိကွပ်ကဲရေးရုံးမှာ လှေတွေရှိပေမယ့် ကူညီကယ်ဆယ်ရေးတွေအတွက်အသုံးပြုရတာကြောင့် ကွပ်ကဲရေးရုံးနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့ ကူညီရေးအဖွဲ့တွေအတွက်ဆို လှေတွေစီစဉ်ပေးတယ်လို့ ဦးစောအောင်မြင့်ခိုင်က ပြောပါတယ်။
“လှေကိုမစီမံ မကွပ်ကွဲဘူးဆိုရင် ဟိုတစ်ယောက်တောင်းလိုက် ပေးလိုက်၊ ဒီတစ်ယောက်တောင်းလိုက် ပေးလိုက်ဆိုရင်လည်း မရဘူးလေ၊ လှေကတော့ စီမံကွပ်ကဲရမှာပဲ၊ အဲဒီအပေါ်မှာ ပစ္စည်းဖြန့်ဝေမယ့် သူတွေအနေနဲ့ ကွပ်ကဲရေးရုံးနဲ့ ချိတ်ဆက်မယ်ဆိုရင် အဆင်ပြေဆုံးဖြစ်အောင် လှေကိုသုံးစွဲခွင့်တွေ ပေးပါတယ်”
ကျိုက်မရောမြို့နယ်အလယ်ကနေ အတ္တရံမြစ်က ဖြတ်သန်းစီးဆင်းသွားတာကြောင့် မြို့ပေါ်ရပ်ကွက်နဲ့ ဒီဘက်ကမ်းက ကျေးရွာတချို့ဟာ ကူညီကယ်ဆယ်ရေးတွေ အလုံအလောက်ရရှိကြပေမယ့် ဟိုဘက်ကမ်းမှာတော့ တချို့ကျေးရွာတွေမှာ အခက်အခဲတွေရှိနေပါတယ်။
လက်ရှိကျိုက်မရောမြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာ လယ်တွေအားလုံး ရေနစ်မြုပ်နေပါတယ်။
ဒါကြောင့် ရေပြန်ကျပြီး ပြန်လည်ထူထောင်ရေးလုပ်ရာမှာ လယ်တွေအတွက် အခက်အခဲဖြစ်နိုင်တယ်လို့ ကျိုက်မရောဒေသခံ မိစန္ဒနန်က ပြောပါတယ်။
“ခုလောလောဆယ်တော့ ကယ်ဆယ်ရေးတွေ အများကြီးတော့ရောက်တယ်၊ အခက်အခဲတော့ အများကြီးမရှိဘူး၊ ပြန်လည်ထူထောင်ရေးမှာတော့ သူတို့မှာ အခက်အခဲရှိတယ်၊ ဘာဖြစ်လို့လဲဆိုရင် စပါးတွေစိုက်ထားတာ အကုန်ပျက်စီးကုန်တယ်၊ နေအိမ်တွေဘာတွေ ပြန်လည်သန့်စင်ဖို့အတွက် ပြန်လည်ထူထောင်ရေးမှာ အခက်အခဲတွေရှိလိမ့်မယ်လို့ထင်တယ်”
လက်ရှိအခြေအနေမှာ ရေကြီးနေတဲ့အချိန်ဖြစ်တာကြောင့် ကယ်ဆယ်ရေးနဲ့ ကူညီရေးတွေ ဆောင်ရွက်နေရပြီး ရေကျပြီး ပြန်လည်ထူထောင်ရေးအတွက် အစီစဉ်တွေရေးဆွဲထားတယ်လို့လည်း ဦးစောအောင်မြင့်ခိုင်က ပြောပါတယ်။
ပြန်လည်ထူထောင်ရေးအတွက် စပါးမျိုးပေးတာ၊ ကျန်းမာရေးအတွက် ရေတွင်းကနေ ရေစုပ်ပေးတာ၊ ရေတွင်းထဲဆေးခပ်ပေးတာမျိုးတွေနဲ့ စာသင်ကျောင်းတွေ သန့်ရှင်းရေးလုပ်တာ၊ ခုံတွေပြန်ဖြည့်တာတွေ ပြုလုပ်ပေးဖို့ရှိတယ်လို့လည်း သိရပါတယ်။
(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)