ကျိုက်မရောမြို့မှာ ရေဘေးဒုက္ခသည် ခြောက်သောင်းကျော်အထိ ရှိနေ
2019.08.17
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ မြစ်ရေကြီးနေတာကြောင့် ရေဘေးဒုက္ခသည် ခြောက်သောင်းကျော် ရှိနေပြီဖြစ်ကြောင်း အစိုးရက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
အတ္တရံမြစ်ရေတက်နေပြီး ကျိုက်မရောမြို့က ရပ်ကွက်ကျေးရွာ အုပ်စု ၃၀ ကျော်က အိမ်ခြေ တစ်သောင်းတစ်ထောင်ကျော်ဟာ ရေဘေးဒဏ်ကို ခံစားနေရတာဖြစ်ပါတယ်။
ရေကြီးနစ်မြုပ်နေတာကြောင့် တချို့နေရာတွေမှာ သွားလာရေးခက်ခဲနေပြီး လူမှုကယ်ဆယ်ရေးအဖွဲ့က ကူညီထောက်ပံ့ရေးပစ္စည်းတွေကို အားကိုးနေရကြောင်း ရာမည လူမှုကယ်ဆယ်ရေးအဖွဲ့က ကိုနေမျိုးက ပြောပါတယ်။ အစိုးရအနေနဲ့လည်း လာရောက်လူဒါန်းသူတွေနဲ့ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်နေကြောင်း လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
အတ္တရံမြစ်ရေဟာ မနေ့က ကျိုက်မရောမြို့ရဲ့ စိုးရိမ်ရေအမှတ်ထက် ၃၀ စင်တီမီတာ ကျော်လွန်နေပြီး ရေကအနည်းငယ်ပြန်ကျသွားပေမယ့် လက်ရှိအချိန်ထိ မြို့ရဲ့ စိုးရိမ်ရေအမှတ်ထက်ကို ၂၀ စင်တီမီတာ ကျော်လွန်ရောက်ရှိနေဆဲဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ရက်ပိုင်းက တနင်္သာရီတိုင်း တနင်္သာရီမြို့မှာလည်း မြစ်ရေဟာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ရောက်ရှိခဲ့ပြီး ဒီနေ့မှာ ရေပြန်ကျသွားပြီဖြစ်တာကြောင့် ရေဘေးဒုက္ခသည် အများစုဟာ နေအိမ်တွေကို ပြန်သွားကြပြီဖြစ်ပါတယ်။