ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေ အစာငတ်ခံ ဆန္ဒပြမှု အောင်မြင်

မွန်ပြည်နယ်၊ ကျိုက်မရောအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄၇ ဦး အစာငတ်ခံဆန္ဒပြမှု ထောင်အာဏာပိုင်တွေနဲ့ သဘောတူညီမှုရခဲ့တာကြောင့် အောင်မြင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က RFA ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ထားတဲ့အပေါ် မကျေနပ်တာကြောင့် နိုင်ငံရေးအကျဉ်းသား ၄၇ ဦးဟာ ဖေဖော်ဝါရီလ ၆ ရက် မနက်ပိုင်းကစပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ထောင်အာဏာပိုင်တွေနဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

“အစာငတ်ခံပြီးဆန္ဒပြခဲ့တာ အောင်မြင်ခဲ့ပါတယ်။ ထောင်အာဏာပိုင်တွေနဲ့ ဆွေးနွေးမှု၊ ညှိနှိုင်းမှုတွေကတော့ အားလုံးအဆင်ပြေသွားပြီလို့ သိထားရတယ်”

တိုက်ထဲမှာ အအေးဒဏ်လွန်ကဲနေတာကြောင့် သူတို့ နှစ်ဦးကို ကျန်းမာရေးစစ်ဆေးပြီး တိုက်မဟုတ်တဲ့နေရာကို အမြန်ဆုံး ပြောင်းရွှေ့ပေးဖို့၊ စစ်ဆေးမှုပြီးတာနဲ့ မူလအဆောင်ကို ပြန်ပို့ပေးဖို့၊ အကျဉ်းသူ၊ အကျဉ်းသားတွေကို ထောင်ဖွင့်ချိန်မှာသာ ခေါ်ယူမေးမြန်းဖို့နဲ့ လူ့အခွင့်အရေးနဲ့အညီ ဆောင်ရွက်ဖို့ နိုင်ငံရေးအကျဥ်းသားတွေက တောင်းဆိုထားတယ်လို့ (PPNM) ဖေဖော်ဝါရီ ၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအချက်တွေကို ထောင်ပိုင်နဲ့ အာဏာပိုင်တွေက လိုက်လျောမှုမရှိမချင်း အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။

တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား နှစ်ဦးဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - (၅၂) (က) နဲ့ ထောင်ဒဏ် ငါးနှစ် ကျခံထားရသူ၊ ပုဒ်မ (၄၉)၊ ပုဒ်မ (၅၀) (ဈ) တို့နဲ့ ထောင်ဒဏ် နှစ် နှစ်ဆယ် ကျခံနေရသူတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးရဲ့ ကျန်းမာရေးကတော့ ကောင်းမွန်တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ထောင်ဝန်ထမ်းနဲ့ နီးစပ်သူတစ်ဦးကတော့ ဖေဖော်ဝါရီ ၉ ရက်ညအထိ ဆန္ဒပြသူတွေထဲက နိုင်ငံရေးအကျဉ်းသား ရှစ်ဦးကို ထောင်ဆေးရုံပို့ထားရပြီး ကျန်တဲ့သူတွေလည်း အားအင်ပြတ်လပ်တာကြောင့် ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ ဖေဖော်ဝါရီ ၁၂ ရက်ညပိုင်း RFA ကို ပြောပါတယ်။

“အစာအငတ်ခံကြတာ ၄ ရက်ဝန်းကျင်ဆိုတော့ အင်အားချိနဲ့လာကြတာ ရှစ်ယောက်ကတော့ ဆေးရုံ ပို့ထားရတယ်။ ကျန်တဲ့သူတွေလည်း ကျန်းမာရေး စိုးရိမ်ရတယ်”

နိုင်ငံရေးအကျဉ်းသား နှစ်ဦး ဘာကြောင့် တိုက်ပိတ်ခံရတယ်ဆို ရှင်းရှင်းလင်းလင်း မသိရသေးသလို စစ်ကောင်စီရဲ့ အကျဉ်းစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုမယ့်သူ မရှိပါဘူး။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၉ ရက်ညနေပိုင်း သတင်းထုတ်ပြန်ရာမှာတော့ ကျိုက်မရောထောင်မှာ အစာငတ်ခံဆန္ဒပြတာ လုံးဝမရှိကြောင်း ငြင်းဆိုထားပါတယ်။

ကျိုက်မရောထောင်မှာ ဇန်နဝါရီ ၂၈ ရက်ကလည်း စစ်ကောင်စီ တပ်သားတွေနဲ့ ရဲ၊ အကျဉ်းထောင်ဝန်ထမ်းတွေ အင်အားသုံး ရှာဖွေချိန် မိုင်ဘိုင်းဖုန်း နှစ်လုံး ရှာတွေ့ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေ နေ့စဉ်နီးပါး ခေါ်ယူစစ်ဆေးခံနေတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။