ကျိုက်ထိုမှာ လမ်းသွားလမ်းလာ ပြည်သူ နှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ တစ်ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက သံတံတားရွာအနီးမှာ မတ်လ ၁၁ ရက်နေ့က နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ လမ်းသွားလမ်းလာတွေကို ပစ်ခတ်ခဲ့တာကြောင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား နှစ်ဆယ်ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ သံတံတားရွာအနီးကတံတားပေါ်မှာ နှစ်ဖွဲ့ခွဲပြီး စစ်ဆေးနေချိန်မှာ ဆိုင်ကယ်ရပ်မပေးတဲ့ ဒေသခံတွေကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် အသက်နှစ်ဆယ်ကျော်အရွယ်တွေဖြစ်တဲ့ ကိုဂျိုးသိမ်းနဲ့ ကိုကျော်ဟူစိန်တို့ သေဆုံးခဲ့ပြီး ကိုချစ်ကိုကိုကတော့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာ သေဆုံးထိခိုက်သူတွေကို စစ်ကောင်စီတပ်သားတွေက ကားနဲ့ ခေါ်ဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျိုက်ထို ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သံတားရွာဆိုတာကလည်း ကျိုက်ထိုနဲ့ ဘီးလင်း အစပ်ကြားကရွာဆိုတော့ လူစည်တယ်။ အဲဒီရွာမှာ သံတံတား တစ်ခုရှိတယ်။ စစ်ဆေးရေးဂိတ်တွေလည်းရှိတယ်။ ဘီးလင်းဘက်အဝင် စစ်ဆေးရေးဂိတ်က ပစ်လိုက်တာ။ ဒေသခံ လူငယ်တွေကလည်း ကြောက်လို့မရပ်ပေးဘဲ ထွက်ပြေးပုံရပါတယ်။ အဲဒါကို ပစ်တာ"

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်သံယံဇာတဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် ပြည်သူ ၄,၆၇၇ ဦး သေဆုံးခဲ့ရပါတယ်။