ကျောက်မဲ သံဃာ သုံးပါး မြေမြှုပ်မိုင်းထိပြီး ဒဏ်ရာရ

မနေ့ညက ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ လွယ်ပျက်ရွာအနီး မြေမြှုပ်မိုင်းပေါက်ကွဲမှု တစ်ခုအတွင်း သံဃာတော် သုံးပါး ဒဏ်ရာ ရသွားပါတယ်။

လွယ်ခလေးရွာမှာ ပြုလုပ်မယ့် သံဃာ့စုံညီအစည်းအဝေးကိုသွားမယ့် သံဃာသုံးပါးဟာ မိုင်းငေါ့ကနေ လွယ်ကလေး ရွာကို ဆိုင်ကယ်နဲ့ သွားတဲ့အချိန် ပန်တမော့ရွာအနီးမှာ ဆိုင်ကယ်က မိုင်းကို ကြိတ်မိရာက မိုင်းကွဲခဲ့တာပါ။

မိုင်းထိတဲ့ ဆရာတော် ဦးသောဘိတကတော့ ကချင်ပြည်နယ် ဟိုပင်မြို့နယ် မြို့မကျောင်းကဖြစ်ပြီး ညာဘက်နံရိုးအထိ ဖောက်ဝင်တဲ့ ဒဏ်ရာက ပြင်းထန်တယ်လို့ သိရပါတယ်။

နမ့်ဆန်မြို့နယ်က ဆရာတော် ခေမိန္ဒကတော့ ခြေဖမိုးအရိုး ကျိုးသွားခဲ့ပြီး ဆရာတော် ဦးစန္ဒိမာကတော့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ မိုင်းထိပြီးနောက်မှာ ဒဏ်ရာမပြင်းထန်တဲ့ ဆရာတော် ဦးစန္ဒိမာက အနီးဆုံးကျေးရွာမှာ အကူအညီ တောင်းခဲ့ပြီး ဒီမနက် ၁၀ နာရီမှာ မိုင်းငေါ့မြို့ကို ရောက်လာခဲ့ကြတာပါ။

မိုင်ငေါ့မြို့နယ်ခွဲအနီးက ကျေးရွာတွေမှာ အခုလိုပဲ မိုင်းပေါက်ကွဲလို့ အရပ်သား ထိခိုက်မှု မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။

အဲဒီဒေသတစ်ဝိုက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA, ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ တပ်မတော်တို့ လှုပ်ရှားတဲ့နေရာဖြစ်သလို တပ်မတော်နဲ့ TNLA တပ်ဖွဲ့တွေကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

အဲဒီကျေးရွာတွေဘက်ကို ညပိုင်းတွေမှာ မသွားကြဖို့ သတိပေးထားမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။

၂၀၁၈ တစ်နှစ်တာအတွင်း မိုင်းကြောင့် ထိခိုက်သူ ၁၂၃ ဦးရှိပြီး အဲဒီထဲက ၂၅ ဦးသေဆုံးခဲ့သလို၊ ၂၀၁၉ ဇန်နဝါရီကနေ မတ်လအထိ ထိခိုက်သူ ၁၃ ဦးထဲမှာ သုံးဦး သေဆုံးခဲ့တယ်လို့လည်း ဟဲလိုထရပ်စ်စာရင်းတွေအရ သိရပါတယ်။

တချို့ မိုင်းထိတဲ့ဖြစ်စဉ်တွေမှာဆိုရင် နယ်မြေအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် သတင်းသာကြားရပြီး ဆေးရုံကို ရောက်မလာနိုင်ကြတာတွေရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်။)