ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဝက်ဆံထောင့်ရွာက ရွာသားနှစ်ဦး မတ်လ ၂၂ ရက်မှာ မြေမြှုပ်မိုင်းနင်းမိလို့ တစ်ဦးသေဆုံးပြီး နောက်တစ်ဦးကတေ့ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝက်ဆံထောင့်ရွာက အသက် ၃၅ နှစ်အရွယ် ဦးဝင်းစိုးနိုင်ဟာ ယာခင်းကိုသွားရင်း မိုင်းနင်းမိပြီးဒဏ်ရာရရှိခဲ့တာပါ။
ဒဏ်ရာရနေတဲ့ ဦးဝင်းစိုးနိုင်ကို ကူညီဖို့သွားတဲ့ ဝက်ဆံထောင့်ရွာက အသက် ၄၀ အရွယ် ဦးဇော်ဇော်ကတော့ နောက်ထပ် မိုင်းတစ်လုံးနင်းမိပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဝက်ဆံထောင့်က လူက သူ့အခင်းကိုသွားရင်း မိုင်းထိတယ်။ အနီးနားမှာ ရှိနေတဲ့လူက မိုင်ထိတဲ့သူကို သွားကူဖို့သွားရင်း အဲဒီလူ ထပ်ထိတယ်။ ကူညီဖို့လုပ်ခဲ့တဲ့သူက နေရာမှာတင် ဆုံးသွားတယ်။ ကျန်တစ်ယောက်ကိုတော့ မြို့ပေါ် ဆေးရုံကို ပို့ထားတယ်”
ဒဏ်ရာရရှိတဲ့ ဦးဝင်းစိုးနိုင်ဟာ ကျောက်ဖြူမြို့ကဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
ကျောက်ဖြူမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေအနီးနဲ့ ရက္ခိုင့်တပ်တော် (AA) မြို့ထဲကိုဝင်ရင် အသုံးပြုနိုင်တဲ့လမ်းတွေမှာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရပ်သားတွေ အသုံးပြုတဲ့နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ရှိနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။