ကျောက်တံခါးမှာ လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရ

RFA Burmese
2023.12.20
ကျောက်တံခါးမှာ လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့တစ်နေရာကို တွေ့ရစဉ်။
Citizen Journalist

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် သူဌေးကုန်းရွာမှာ ဒီဇင်ဘာ ၁၉ ရက် ညနေလေးနာရီခွဲ ခန့်က နေအိမ်တစ်လုံး ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် (၆၇) နှစ်အရွယ် ဒေါ်ညိုနဲ့ အသက် (၃၇) နှစ်အရွယ် ဒေါ်အိတို့ သားအမိဖြစ်ပြီး ဒေါ်အိရဲ့ အသက်လေးနှစ်အရွယ် သမီးဖြစ်သူ မပုံ့ပုံ့ကတော့ ခြေထောက် နှစ်ချောင်းစလုံးမှာ လက်နက်ကြီးစ ထိမှန် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကို သူဌေးကုန်းရွာနဲ့ မိုင်ဝက်အကွာ ဘာဘူကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လှမ်းပစ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အင်အား လေးငါးဆယ်လောက်ရှိတယ်။ ၇၇ (တပ်မ) ပါ ပါတယ်။ ဒီနားက ကျေးရွာတွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားတာတွေရှိတော့ နေ့စဉ်ပစ်နေတာပါ။ အမြဲတမ်းခြောက်လှန့် ပစ်ခတ်တာပေါ့”

ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်တာလို့ ဒေသခံ တွေက ပြောပေမယ့် ဒီလက်နက်ကြီးကို ဘယ်အဖွဲ့က ပစ်တယ်ဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

သူဌေးကုန်းရွာမှာ အိမ်ခြေသုံးရာကျော်ရှိပြီး လက်နက်ကြီးကျရောက်ခဲ့တဲ့ ရွာအရှေ့ခြမ်းက ဒေသခံတချို့ကတော့ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးရာ ၀န်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဒီဇင်ဘာ ၁၃ ရက်ကလည်း ကျောက်တံခါးမြို့နယ် အလှိုင်ရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား (၈၁၆) ဦး သေဆုံးခဲ့ပြီး၊ ၁၆၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။