ကျောက်တော်မြို့နယ် ကွမ်းအုံစုရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေပြတ်

2022.09.09
ကျောက်တော်မြို့နယ် ကွမ်းအုံစုရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေပြတ် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ကွမ်းအုံစုရွာမှ မိုင်းနင်းမိသည့် ဦးဘချေကို ဗုဒ္ဓေါရွာကို ဆေးရုံပို့ဖို့ ခေါ်ဆောင်လာသည်ကို တွေ့ရစဉ်
Photo: CJ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ ကျောက်တော် မြို့နယ် ကွမ်းအုံစုရွာက အသက် ၄၁ နှစ်အရွယ် ဦးဘချေဟာ စက်တင်ဘာလ ၈ ရက် မနေ့ ညနေ ၃ နာရီမှာ မိုင်းနင်းမိတာကြောင့် ညာဘက်ခြေတစ်ဖက် ဆုံးရှုံးလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွမ်းအုံစုရွာရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်တန်းအပေါ်မှာ ဟင်းရွက်ခူးပြီး အပြန်မှာ မိုင်းနင်းမိခဲ့တာကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ဆေးရုံမှာ ညာဘက် ခြေတစ်ဖက် ဖြတ်တောက်လိုက်ရတယ်လို့ ကျောက်တော်မြို့နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ကိုစိုးမင်းထွန်း က ပြောပါတယ်။

"အခုတော့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ယိုးတရုတ်ဆေးရုံကို ပို့ထားပါတယ်။ စစ်တွေ ဆေးရုံကို ပို့ဖို့လိုရင် ပို့မယ်ဆိုတော့ ယိုးတရုတ်ဆေးရုံက ဒေါက်တာက ဒီမှာပဲ ဖြတ်လို့ ရတယ်ဆိုတော့ ညာဘက်ဒူးအောက်ပိုင်းကနေ ဖြတ်လိုက်ရတယ်၊ သူမိုင်းနင်းမိတဲ့အချိန် အဖော်မပါဘူး၊ ဖုန်းနဲ့ ရွာကို လှမ်းဆက်ပြီး လာခေါ်ဆိုမှ ရွာက တက်လာကြတာ။ လမ်းမှာသွေးထွက်လွန်ပြီး မဆုံးသွားတာ ကံကောင်းပါတယ်"

ဦးဘချေ မိုင်းနင်းမိခဲ့တဲ့ လမ်းဟာ ရွာက ဒေသခံအများစု နေ့စဉ် အသုံးပြုနေတဲ့ လမ်းဖြစ် ပြီး ယခင်က ဒီလိုပေါက်ကွဲတာမျိုး မကြုံရဘူးလို့လည်း ဆိုပါတယ်။

ကွမ်းအုံစုရွာရဲ့အနောက်ဘက်မှာရှိတဲ့ ဗုဒ္ဓေါရွာအနီးမှာရှိတဲ့ ဆနွင်းတောင်ပေါ်မှာ အင်အား ၂၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီမိုင်းဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။ လက်ရှိမှာ ဦးဘချေဟာ ယိုးတရုတ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။ သူ့မှာ လသားအရွယ် ကလေးငယ် အပါအဝင် သားသမီး ငါးဦးရှိပြီး သာမန် လက်လုပ်လက်စား ဖြစ်တာကြောင့် ဆေးကုသဖို့အတွက် အခက်အခဲတချို့ ရှိနေပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ ယနေ့အထိ မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၆၅ ဦး သေဆုံးခဲ့ပြီး ၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ် အခြေစိုက် ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။