ကျောက်တော်မှာ လက်နက်ကြီးကြောင့် သုံးဦးသေဆုံး၊ သုံးဦးဒဏ်ရာပြင်းထန်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ချောင်းတူရွာမှာ နိုဝင်ဘာလ ၁၆ ရက် ဒီနေ့ နေ့လယ်ပိုင်း စစ်ကောင်စီတပ်က ပစ်လိုက်တဲ့လက်နက်ကြီး ကျည်သုံးလုံး ရွာထဲကို ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံသုံးဦး နေရာမှာတင် သေဆုံးပြီး သုံးဦးဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ အသက် ၅၀ ကျော် အရွယ်တွေဖြစ်ကြတဲ့ ဦးဖြူသာထွန်း၊ ဦးခင်မောင်၊ ဦးအောင်ကြီးမောင်တို့ဖြစ်ပြီး မအေးနုရီ၊ ဒေါ်ဝေသာစိန်နဲ့ ဦးမောင်မောင်ထွေး တို့ကတော့ အပြင်းအထန် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ကျောက်တော်မြို့နယ် ကန်စောက်အခြေစိုက် ခမရ (၅၃၉) တပ်ရင်းက ပစ်လိုက်တဲ့ လက်ကန်ကြီးကျည်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“နေ့ခင်း ၁၂ နာရီလောက်မှာ လက်နက်ကြီး ရွာထဲကို သုံးလုံးကျပါတယ်။ ရွာသား သုံးယောက် ပွဲချင်းပြီး သေသွားတယ်။ သုံးယောက် ဒဏ်ရာရတယ်။ အခုလည်း ပစ်နေတယ်။ ကန်စောက် ၅၃၉ တပ်ရင်းက ပစ်တာပါ။ အခု ကျနော်တို့လည်း ရွာထဲမှာ မနေရဲတော့ဘူး။ တစ်ရွာလုံး ထွက်ပြေးနေကြရတယ်”

ဒဏ်ရာရလူနာတွေကတော့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ဒဏ်ရာအခြေအနေ ပြင်းထန်တာကြောင့် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အဲဒီ ချောင်းတူရွာအနီး ဆနွင်းတောင်ပေါ်မှာ ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်း နှစ်ဖက်တိုက်ပွဲ နေ့စဉ်ဖြစ်နေပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ သေဆုံး၊ ဒဏ်ရာရာတွေ တိုးလာနေပါတယ်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ်တွေမှာ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီကနေ့အထိ ခြောက်ရက်အတွင်းမှာတင် ဒေသခံ ၁၄ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၄ ဦးအထိ ရှိပါပြီ။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကနေ နိုဝင်ဘာလ ၁၆ ရက် ဒီနေ့အထိ တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်၊ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် ပစ္စည်းတွေကြောင့် ဒေသခံ ၃၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၇၉ ဦးအထိရှိသွားပြီ ဖြစ်ပါတယ်။