ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ နိုဝင်ဘာ ၄ ရက်နေ့ ဒီနေ့ မနက်က စစ်ကောင်စီ တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ သုံးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ သွားတယ်လို့ ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေဟာ ရွှေပြည်သစ်ရွာက အသက် ခြောက်နှစ်ရွယ်ကလေးတစ်ဦး၊ အသက် ၈၀ ကျော် အဘိုးတစ်ဦးနဲ့ ရွက်မှိုင်းရွာက အသက် ၅၁ နှစ်အရွယ် ရွာသားတစ်ဦး စုစုပေါင်း သုံးဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ ရွှေပြည်သစ် ရွာက လေးဦး၊ ပိန္နဲချောင်းရွာက ခြောက်ဦး၊ မြင်းကြပ်ရွာက တစ်ဦး၊ ရွက်မှိုင်းရွာက တစ်ဦး၊ အုံးပတီးရွာက နှစ်ဦးနဲ့ လက်ဆင်ကောက်ရွာက နှစ်ဦး၊ စုစုပေါင်း ၁၆ ဦးဖြစ်တယ်လို့ ပြောပါတယ်။
ကုလားတန်မြစ်ထဲမှာ သွားလာနေတဲ့ စစ်ကောင်စီတပ်ရေယာဉ်နှစ်စင်းကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် ရာမှာ အရပ်သားတွေ ထိခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့မနက် မနက်အစောကြီးကတည်းက လက်နက်ကြီးသံတွေ၊ လက်နက်ငယ်သံ တွေကြားရတယ်။ ကုလား တန်မြစ်က နေဗီနှစ်စင်းကို AA က တိုက်တာတဲ့။ ပြီးနောက် နေဗီကရော၊ စကခ (၉) ကရော လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ အခုဒဏ်ရာရသူက တော့ ၁၅ ဦးထက်မနည်း ရှိသွားပြီ”
လက်ရှိမှာ ဒဏ်ရာသူတွေဟာ ကျောက်တော်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှုခံယူနေရပြီး ဒဏ်ရာအခြေအနေ တွေ စိုးရိမ်ရသူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ သေဆုံး၊ ထိခိုက် ဒဏ်ရာရတာလို့ ပြောဆိုချက်နဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ အတွင်း သြဂုတ်လ ၂ ရက်နေ့ကနေ ဒီကနေ့အထိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တွေမှာ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်း တွေကြောင့် သေဆုံးတဲ့အရပ်သား ၂၁ ဦးနဲ့ ဒဏ်ရာရသူ ၇၈ ဦးအထိရှိသွားပြီ ဖြစ်ပါတယ်။