ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ပတ်လည်ပွဲကို စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်းများစွာ သေဆုံးခဲ့တဲ့ဖြစ်ရပ်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အစည်းအဝေးမှာ မနေ့က တင်ပြခဲ့ပါတယ်။
ဒါဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုမြောက်ပြီး ကချင်လူမျိုးစုအပေါ် ရက်ရက်စက်စက် ကျူးလွန်ခဲ့တာလို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် ကချင်အနုပညာရှင်တွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား သေဆုံးခဲ့ရတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။ နောက်ဆုံးအချိန်ထိ သေဆုံးတဲ့သူ ၇ဝ ကျော်ရှိလာနေပြီလို့ ဒေသခံတွေက RFA ကိုဒီနေ့ ပြောထားပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းလပေါင်းနှစ်ဆယ်အတွင်း အကြိမ် ၂၄ဝ ထက်မနည်း လေကြောင်းကနေ ပြည်သူတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဦးကျော်မိုးထွန်းက ထောက်ပြပါတယ်။
စစ်လက်နက်တွေသုံးပြီး အရပ်သားတွေကို တိုက်ခိုက်နေတဲ့ စစ်တပ်ကို နိုင်ငံတကာက လက်နက်တင်ပို့ရောင်းချနေတာတွေ ချက်ချင်းရပ်တန့်ပေးကြဖို့လည်း သူက တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
KIO နှစ်ပတ်လည်ပွဲကို လေကြောင်းက တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ... တန်ပြန်စစ်ဆင်ရေးလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
KIO ဘက်ကတော့ စစ်ကောင်စီဟာ အစုလိုက်အပြုံလိုက်သေစေဖို့ ရည်ရွယ်တိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့သူ ၇ဝ ကျော်ထိရှိလာနေပြီး စစ်ကောင်စီဘက်က လမ်းတွေပိတ်ထားတာကြောင့် ဒဏ်ရာရရှိသူ တစ်ရာကျော်လည်း ဆေးကုသခွင့်မရသေးဘူးလို့ ဒေသခံတွေက RFA ကိုဒီကနေ့ ပြောပါတယ်။