ပြည်နယ်ဝန်ကြီးကို တာဝန်ကနေရပ်စဲဖို့ တိုင်ကြားချက်အပေါ် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း


2018.04.10
kyawayethein-rakhine-622.jpg ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း ကို တာဝန်ကနေ ရပ်စဲဖို့ တင်ပြချက်တွေနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို ရခိုင်ပြည်နယ်လွှတ်တော်က မနေ့က ဖွဲ့စည်းလိုက်ပါတယ်။

စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သြင်္ကန်ကာလပြီးရင် စုံစမ်းစစ်ဆေးကြားနာတာတွေ ဆောင်ရွက်မှာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောပါတယ်။

"ဘဏ္ဍာငွေနစ်နာမှု စွပ်စွဲချက်ရှိတယ်၊ အရင်တိုင်စာအကြောင်းအရာတွေလည်းရှိပါတယ်၊ အဲဒီအပေါ်မှာ သက်သေတွေနဲ့ ကျနော်တို့က စစ်ဆေးတာပေါ့၊ ကျနော်တို့ သြင်္ကန်ကျော်အပြီး ၂၀ ရက်နေ့နောက်ပိုင်း မှာ စစ်ဆေးကြားနာဖို့ရှိပါတယ်"

ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းဟာ ဥပဒေအရ အပ်နှင်းထားတဲ့တာဝန်တွေကို ကျေပွန်အောင် မဆောင် ရွက်တဲ့အပြင် ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်ရဲ့ ခွင့်ပြုရန်ပုံငွေတွေကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နိုင်မှုမရှိတာကြောင့် မြို့နယ်အလိုက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေမှာ ထိခိုက်နစ်နာမှုတွေရှိတယ်ဆိုပြီး တာဝန်ကနေရပ်စဲဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက တိုင်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

အရင်ခင်းထားပြီးသား ကွန်ကရစ်လမ်းကို ကျောက်ချောလမ်းအဖြစ် ဘဏ္ဍာငွေထပ်မံတောင်းခံတာ၊ အရင်နှစ်တွေက တူးဖော်ထားတဲ့ရေတွင်းအတွက် နောက်နှစ်မှာလည်း ဘတ်ဂျက်ထပ်မံတောင်းခံတာတွေ ရှိတဲ့အတွက် မလိုအပ်ဘဲ ဘဏ္ဍာငွေဆုံးရှုံးမှုတွေရှိနေတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောပါတယ်။

မနေ့ကဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေး ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီကဖြစ်ပြီး ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လေးဦးက အဖွဲ့ဝင်တွေအဖြစ် ပါဝင်ကြပါတယ်။

အဲဒီစွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အစည်းအဝေးရှိနေလို့ဆိုပြီး ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ဦးကျော်အေးသိန်းဟာ ရွေးကောက်ခံကိုယ်စားလှယ်မဟုတ်ဘဲ ပြင်ပပညာရှင်တစ်ဦးအနေနဲ့ ဝန်ကြီးချုပ် ဦးညီပု က အဆိုပြုခန့်အပ်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။