စစ်ကောင်စီက ကျောင်းသားတွေကို သေဒဏ်ချမှတ်တဲ့အတွက် မွန်ပြည်နယ် ကျိုက်မရောအကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသားတွေ ဒီဇင်ဘာလ ၇ ရက် ဒီကနေ့ကစပြီး အစာငတ်ခံဆန္ဒပြနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အကျဉ်းသားတွေဟာ မနက်ကတည်းက အစာမစားဘဲ ဆန္ဒပြနေတာလို့ ဒီအကြောင်းကိုသိတဲ့ ကျိုက်မရော အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ကျောင်းသား ခုနစ်ယောက်ကို အမိန့်ချမှာနဲ့ ပတ်သက်ပြီးတော့ နိုင်ကျဉ်းတွေ အကုန်လုံးက ဆန့်ကျင်တယ်။ ဆန့် ကျင်ပြီးတော့ မနက်တန်းစီးထွက်ကတည်းက သူတို့ မနက်စာလည်းမစားဘူး။ နေ့လယ်စာလည်း မစားဘဲနဲ့ အစာငတ်ခံပြီး ဆန္ဒပြနေကြတယ်။ အခြေအနေတွေပေါ် မူတည်ပြီး ဆက်လုပ်သွားမယ်လို့ သိရပါတယ်”
အသက် ၁၈ နှစ်ကနေ ၂၀ အရွယ်ရှိတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအပါအဝင် လူငယ် ၁၂ ဦးကို နိုဝင်ဘာ ၃၀ ရက်က အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ -၃၀၂ လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခဲ့တာပါ။
စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ ကျိုက်မရောအကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြနေတဲ့အကြောင်းကို အကျဉ်းထောင်နဲ့ နီးစပ်သူတွေက တစ်ဆင့် သတင်းဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
အခုလိုဆန္ဒပြတဲ့အတွက် အကျဉ်းသား ၁၀ ဦးတိုက်ပိတ်ခံထားရတယ်လို့လည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြတာနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်အထိ ၁၃၀၅၇ ဦး ဖမ်းဆီးခံထားရပြီး ၁၃၉ ဦး သေဒဏ်ချမှတ်ခံထားရပါတယ်။