စစ်ကြောင်းထိုးလာလို့ ကျွန်းလှမြို့ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးနေရ

2022.11.20
စစ်ကြောင်းထိုးလာလို့ ကျွန်းလှမြို့ဒေသခံ ခုနစ်ထောင်ကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်နေသောကြောင့် ထွက်ပြေးနေကြရသည့် ကျွန်းလှမြို့နယ်ထဲက ရွာသားများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က ရွာပေါင်းခုနစ်ရွာကို နိုဝင်ဘာလ ၁၉ ရက်၊ မနေ့ကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ကျွန်းလှမြို့နယ် ဒေသခံတွေက ပြောပါတယ်။

ကျွန်းလှမြို့၊ သဖန်းဆိပ်ဆည်အနီးမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းက အင်အားသုံးရာလောက်ဟာ အင်တိုင်း၊ ကျွဲတဲ၊ အင်လှ၊ ညောင်ကိုင်း၊ ပေါယော၊ သရက်တထောင်၊ မြင်သာ စတဲ့ရွာတွေကို စစ်ကြောင်းထိုးနေတာလို့ ကျွန်းလှဒေသခံ တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

"စစ်ကြောင်းက ညောင်ကိုင်းရွာမှာ ရှိတယ်။ အဲဒီပတ်ပတ်လည်က ဒေသခံတွေ အကုန်ပြေးရတာပေါ့။ တောထဲမှာပဲ ထွက်ပြေးနေကြရတာ။ စစ်ကြောင်းထွက်လည်း ရွာထဲချက်ချင်း မဝင်ရဲဘူး၊ နှစ်ရက်၊ သုံးရက် တောထဲမှာပဲ နေကြရတာ စစ်ကြောင်း ပြန်ဝင်လာမှာလည်း ကြောက်သလို ရွာထဲ မိုင်းထောင်ထားမှာလည်း ကြောက်ကြတာ"

အခုစစ်ကြောင်းထိုးနေတဲ့အထဲ ကျွန်းလှမြို့နယ်က ပျူစောထီးတချို့ ပါဝင်နေသလို ဒီနေ့မနက်ပိုင်းအထိ အဲဒီစစ်ကြောင်းဟာ အင်တိုင်း၊ ကျွဲတဲ၊ ညောင်ကိုင်းရွာတွေမှာ တပ်ဖျောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း ကျွန်းလှမြို့နယ်၊ တင်းတိန်ရံရွာကို စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်လာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၈၀ အရွယ် ဒေါ်ရွှင် နှလုံးရပ် သေဆုံးခဲ့တယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

အင်တိုင်း၊ ကျွဲတဲရွာဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ မှာ အလောင်းမင်းတရား စစ်ဆင်ရေးအမည်နဲ့ ပထမဆုံး စစ်ကြောင်းထိုး ဝင်ရောက်ခံရပြီး ဒေသခံတစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။