လိုင်ဇာမှာ လက်နက်ကြီးကြောင့် အရပ်သားသုံးဦးသေဆုံး

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က မတ်လ ၇ ရက် ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်နဲ့ လိုင်ဇာအနီးတစ်ဝိုက်က စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေကတိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်ကလည်း လိုင်ဇာမြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီမနက် ၁၀ နာရီလောက်မှာ ကျွန်နော်တို့ ဝေကြိုင် စစ်ဘေးဒုက္ခသည်စခန်းမှာ တစ်လုံးကျတယ်။ အဲဒီမှာ သားအမိသေတယ်။ သူတို့မိသားစုတွေနေတဲ့ အိမ်ခေါင်မိုးတည့်တည့်ကိုကျတာ။ ဝေကြိုင်ကနေ မုန်လိုင်ခက်သွားတဲ့လမ်းမှာလည်း ဆိုင်ကယ်စီးနေတဲ့ အမျိုးသားတစ်ယောက် ထိတယ်”

လက်နက်ကြီးကြောင့် သေဆုံးသူတွေက အသက် ၄၃ နှစ်အရွယ် ဒေါ်လဖိုင်ဂျာအောန်နဲ့ သားဖြစ်သူ ၉ နှစ်အရွယ် မောင်ဂွမ်ဆန်ဒူနဲ့ အသက် ၄၃ နှစ်အရွယ် ဦးအေးလှိုင်တို့ ဖြစ်ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်ကလည်း လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တွေအပါအဝင် လူ ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။