ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ရီးမဝရွာက ဒေသခံအမျိုးသားတစ်ဦး စက်တင် ဘာလ ၁ ရက်နေ့ မနက်ပိုင်း တောင်ယာသွားချိန် ရွာနဲ့ငါးဖာလုံခန့်အကွာမှာ မြေမြှုပ်မိုင်း နင်းမိလို့ ခြေထောက်တစ်ဖက် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
မိုင်းကြောင့် အသက် ၂၅ နှစ်နှစ်အရွယ် ကိုကျော်လင်းသန့်ရဲ့ ညဘက်ခြေထောက် အကြော တွေအကုန်လုံး ပြတ်သွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူက တောင်ယာကိုသွားတာ။ အသွားလမ်းမှာ ရွာနဲ့ငါးဖာလုံလောက်ဝေးတယ်။ အဲဒီအချိန် မြေမြှုပ်မိုင်းနင်းမိတာ။ ခြေတစ်ဖက်က အကြောအားလုံးပြတ်သွားတာ။ တခြားနေရာတွေလည်း ဒဏ်ရာရတယ်"
ဒဏ်ရာပြင်းထန်တာကြောင့် လက်ရှိ ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသနေရပြီး ခြေထောက်အခြေအနေ အတိအကျကိုတော့ ထပ်မသိရသေးဘူးလို့ ဒေသခံက ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့ကလည်း ပလက်ဝမြို့နယ် အဘောင်သားရွာမှာ တောထဲ မျှစ်သွားချိုးရာက သုံးရက်အကြာထိ ပြန်မလာတဲ့ အမျိုးသားကိုသွားရှာရင်း အသက် (၄၃) နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်နန်လောင်ခမ်း မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။
လက်ရှိပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA) အကြား စစ်ရေးတင်းမာနေပြီး နှစ်ဖက်တိုက်ပွဲဖြစ်သံတွေလည်း မကြာခဏကြားနေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲ တစ်ကျော့ပြန်ဖြစ်လာပြီးနောက်ပိုင်း ပလက်ဝမြို့နယ်မှာ မြေမြှုပ်မိုင်း ကြောင့် သေဆုံးသူတစ်ဦးနဲ့ ဒဏ်ရာအပြင်းအထန်ရသူ လေးဦးအထိရှိလာပြီလို့ ဒေသခံ တွေက ပြောပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ ငါးလအတွင်း တစ်နိုင်ငံလုံးမှာ မြေမြှုပ်မိုင်း ကြောင့် ဒေသခံ ၃၃ ဦး သေဆုံးပြီး ၁၂၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၀ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။