ဝက်လက်မှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားရွာမှာ နိုဝင်ဘာလ ၇ ရက် မနေ့ညပိုင်း စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဝက်လက်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"ညပိုင်းမှာ ရွာရဲ့အရှေ့တောင်ထောင့်ကို နှစ်ချက်၊ မြောက်ဘက်ကို နှစ်ချက်ပစ်တယ်။ ဆေးရုံနဲ့ ဘောလုံးကွင်း အနားလေးမှာရှိတဲ့ အိမ်တစ်အိမ်အပေါ်ကျပြီးတော့ အဲဒီမိသားစု က အမျိုးသမီးသေတယ်။ သူ့ယောက်ျားလည်း ဒဏ်ရာရတယ်။ ကလေးက မျက်နှာ တစ်ခြမ်း စုတ်သွားတယ်။ မျက်လုံးတစ်ဖက် ပျက်သွားတာပေါ့။ သူတို့အိမ်လည်း မီးလောင်သွားတယ်။ ဘာတိုက်ပွဲမှမရှိဘဲ ဒီတိုင်းပစ်တာ"

ထိခိုက်သေဆုံးခဲ့တဲ့ အမျိုးသမီးအမည်နဲ့ အသက်အရွယ်အပါအဝင် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းမှာလည်း အင်အား ၅၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ ရှိန်းမကားရွာအနီးက ပိတောက်ခြုံရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး လက်ရှိမှာတော့ ဝက်လက်မြို့ထဲကို ပြန်ဝင်သွားပြီ လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဝက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လလုံးနီးပါး စစ်ကောင်စီတပ်တွေ ရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ရွာပေါင်း ၁၀ ရွာက ဒေသခံ ခြောက်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဝက်လက်ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလထဲမှာပဲ ဝက်လက်မြို့နယ် အနောက်ခြမ်းက ရွှေပန်းကုန်းရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဘက်က စစ်ရဟတ်ယာဉ်နဲ့ ပြန်လည်ပစ်ခဲ့တာကြောင့် အနီးအနားရွာက ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ စုစုပေါင်း ၂၄၂၀ ဦး ရှိပြီဖြစ်ပါတယ်။