ခင်ဦးမှာ လက်နက်ကြီးကျလို့ PDF နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၈ ရက်၊ ဒီနေ့မနက်က ကံကြီးကုန်းနဲ့ မဏိကုန်းရွာကြားအရောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ အဲဒီဒေသမှာရှိနေတဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အင်အား ၇၀ လောက်ပါတဲ့ အဲဒီစစ်ကြောင်းက ကံကြီးကုန်းရွာက ထွက်လာပြီး မဏိကုန်းရွာနားအရောက်မှာ လှမ်းပစ်ခဲ့ရာမှာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"အခု သူတို့ ကံကြီးကုန်းက ထွက်သွားပြီး မဏိကုန်းနား ရောက်နေပြီး မနက်က လက်နက်ကြီးနဲ့ လှမ်းပစ်တာ အဲဒါ ရဲဘော်တွေရှိတဲ့ နေရာကိုကျပြီးတော့ နှစ်ယောက် ကျတာ၊ ဒဏ်ရာရတဲ့ နှစ်ယောက်လည်း ဆေးကုသမှုတွေ လုပ်နေရတယ်။ စစ်ကြောင်း ထိုးတာကတော့ သူတို့ထိုးတဲ့ လမ်းတစ်လျှောက်က ရွာတွေ အကုန်ထွက်ပြေးနေရတယ်"

သေဆုံးသွားသူနဲ့ ဒဏ်ရာရသူတွေရဲ့ အမည်နဲ့ အသက် စတဲ့ အသေးစိတ် အချက်အလက် တွေ ကိုတော့ မသိရသေးပါဘူး။

အဲဒီစစ်ကြောင်းဟာ အောက်တိုဘာ ၁၇ ရက် မနေ့ကစလို့ ရေဦးမြို့နယ်ထဲကနေ ခင်ဦးမြို့နယ်ထဲကို ခြေလျင်စစ်ကြောင်းထိုးဝင်ရောက်လာတဖြစ်ပြီး မနေ့က စစ်ကြောင်း ထိုးမှုမှာ အရပ်သား သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအထဲက အသက် ၁၇ နှစ်ရွယ် မောင်ဥက္ကာနဲ့ အသက် ၂၃ နှစ်ရွယ် မောင်ကျော်မျိုးတို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် မရမ်းအင်းရွာမှာ ဖမ်းခေါ်ခဲ့တဲ့ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးကတော့ အခုထိ ပြန်မလွတ်သေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်က ညောင်ပင်ခြံ၊ ဆည်ကြီး၊ ချမ်းသာကုန်း၊ အင်းပါတ်၊ ကုန်းသာ၊ မရမ်းအင်း၊ မြကန်၊ အောင်သာ၊ အင်းပေါက်၊ ရွှေယမင်း၊ ကံကြီးကုန်း၊ ကျွန်းလည်၊ ကျွန်းဆွယ်၊ သာဂရ၊ မြို့သစ်၊ တပင်ကောင်း၊ မဏိကုန်း၊ ပေါင်းလှဲကုန်း စတဲ့ ရွာပေါင်း ၂၀ လောက်က ဒေသခံ ၁၈,၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးရတဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ လည်း ပါဝင်ပြီး အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးရတာကြောင့် နေထိုင် စားသောက်ရေး အခက်အခဲတွေလည်း ကြုံရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်အာဏာသိမ်း လပေါင်း ၂၁ လကျော်အတွင်း ရွာပေါင်း ၄၇ ရွာက နေအိမ်ပေါင်း ၁၈၅၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၁၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။