လားရှိုးညဈေးအနီး ဗုံးပေါက်ကွဲမှု ကိုးဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ညဈေးတန်းအနီးက သုခလမ်းပေါ်မှာရှိတဲ့ စန်းရွှင်ဟော်တယ် အရှေ့မှာ ဇန်နဝါ ရီလ ၇ ရက် မနေ့ညနေပိုင်းက ဗုံးပေါက်ကွဲခဲ့တာကြောင့် ဟိုတယ်ဝန်ထမ်းတစ်ဦး အပါအဝင် စုစုပေါင်း လူကိုးဦး ဒဏ်ရာရသွားတယ်လို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဟိုတယ်ရှေ့ မှာရပ်ထားတဲ့ ဆိုင်ကယ် တစ်စီးကနေ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဟိုတယ်ဝန်ထမ်နဲ့ လမ်းသွားလမ်းလာတွေ ထိခိုက်ဒဏ်ရာရခဲ့တာလို့ အဲဒီဒေသခံက ပြောပါတယ်။

“ညဈေးတန်း အောက်ဘက်လို့ ပြောရမှာပေါ့ အဲဟိုတယ်က။ ဆိုင်ကယ်ဗုံးလို့ပဲ ပြောရမယ်။ စုတ်ပြတ်နေတဲ့ ဆိုင်ကယ်တစ်စီး တွေ့တယ်။ ထိခိုက်သွားတာက ဟိုတယ် စာဖိုးမှူး တစ်ယောက်ပါတယ်။ ဗုံးအစမှန်တာပေါ့၊ တအားဒဏ်ရာပြင်းထန်တာမျိုးတော့ မပါဘူး။ အားလုံးက အစတွေမှန်တာများတယ်”

ထိခိုက်ဒဏ်ရာ ရသူတွေထဲမှာ အမျိုးသား လေးဦးနဲ့ အမျိုးသမီး ငါးဦး ပါဝင်ပြီး သူတို့ကို လားရှိုးဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း ပြောပါတယ်။

ဒီပေါက်ကွဲမှုဟာ လက်နက်ကိုင်အဖွဲ့တွေက တောင်းခံတဲ့ ဆက်ကြေးငွေကိစ္စကြောင့်လို့ ဒေသခံတွေကြားမှာ ပြောဆိုနေကြပါတယ်။ ဒီပြောဆိုမှုနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ပြန်လည်တုံ့ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း လားရှိုးမြို့ ညဈေးအနီးက RD စက်ပစ္စည်းဆိုင်ရှေ့ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့လို့ ဆိုင်ရှင်အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်ခဲ့ပေမယ့်လည်း လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း လားရှိုးမြို့အထွက် DENKO ဆီဆိုင်မှာ ဆိုင်ကယ်နဲ့ ဗုံးလာထားသွားတာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသား နှစ်ဦး သေဆုံးခဲ့သလို ကိုးဦး ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့မှာလည်း လားရှိုးမြို့နယ် အမှတ် (၂) ရပ်ကွက်က Hotel CS ရှေ့ မှာ ဆိုင်ကယ်နဲ့ ဗုံးလာထားသွားတာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တစ်ဦး သေဆုံးခဲ့သလို ငါးဦး ဒဏ်ရာရခဲ့ပါတယ်။

ဇူလိုင်လ ၁၅ ရက် မနက်ပိုင်းလည်း လားရှိုးမြို့ ဇွဲထက်ရွှေဆိုင်အရှေ့မှာ ဆိုင်ကယ်ကနေ ဗုံးပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေဆုံးခဲ့ပြီး ဆယ်ယောက်ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဒီပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်အဖွဲ့အစည်းကမှ ဒီနေ့အထိ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။