လားရှိုးက ဆီဆိုင်ပေါက်ကွဲမှု အမျိုးသားနှစ်ဦးသေဆုံး၊ ကိုးဦးဒဏ်ရာရ

RFA Burmese
2023.09.27
လားရှိုးက ဆီဆိုင်ပေါက်ကွဲမှု အမျိုးသားနှစ်ဦးသေဆုံး၊ ကိုးဦးဒဏ်ရာရ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ Denko ဆီဆိုင်တွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ်။
Citizen Journalist
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အထွက်က DENKO ဆီဆိုင်မှာ စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီလောက်က ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
 
ဆီဆိုင်မှာ ခရီးသည်တင်မှန်လုံကားတစ်စီးနဲ့ ခွေးဘီလူးလို့ခေါ်တဲ့ ကုန်တင်ယာဉ်ငယ်တစ်စီး ဆီဖြည့်ဖို့ ရပ်ထားချိန်မှာ ပေါက်ကွဲခဲ့တာကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူ များသွားတာလို့ ပေါက်ကွဲတဲ့နေရာမှာ ကူညီကယ်ဆယ်နေသူတစ်ဦးက ပြောပါတယ်။
 
“ဒဏ်ရာရတာက အမျိုးသား ခုနစ်ဦးပေါ့နော်။ နှစ်ဦးသေဆုံးတာပေါ့။ အမျိုးသမီးက လေးဦးဒဏ်ရာရတယ်။ အမျိုးသားထဲမှာ ဒဏ်ရာပြင်းထန်တဲ့သူ နောက်တစ်ဦးတော့ ရှိသေးတယ်”
 
ပေါက်ကွဲမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ခရီးသည် ဘယ်လောက်ပါဝင်တယ်ဆိုတာနဲ့ သူတို့ရဲ့ အသက်အရွယ်တွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ထိခိုက်ဒဏ်ရာရသူတွေ လောလောဆယ် လားရှိုးဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။
 
ပေါက်ကွဲတဲ့နေရာ အနီးမှာရှိနေတဲ့ ဒေသခံအမျိုးသားတစ်ဦးကတော့ ခရီးသည်တင်မှန်လုံယာဉ်နဲ့ တခြားယာဉ်ငယ်တွေ ဆီထည့်နေစဉ် ဆိုင်ကယ်နဲ့ ဗုံးလာထားသွားတာကနေ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ပြောပါတယ်။
 
ဒါဟာ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တောင်းခံတဲ့ ဆက်ကြေးငွေကိစ္စနဲ့ ဆက်စပ်နေတယ်လို့ မြို့ခံတွေက ယူဆနေကြပါတယ်။ ဒီပေါက်ကွဲမှု ဖြစ်ပွားရတဲ့အကြောင်းရင်းကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
မြို့ခံတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ဒီပေါက်ကွဲမှုအကြောင်း သတင်းမထုတ်ပြန်သေးပါဘူး။
 
အခုလ ၁၉ ရက်နေ့ ညနေ ၅ နာရီကလည်း လားရှိုးမြို့နယ် အမှတ် (၂) ရပ်ကွက်မှာရှိတဲ့ Hotel CS ရှေ့မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ပါတယ်။
 
အလားတူ ဇူလိုင်လ ၁၅ ရက်နေ့က လားရှိုးမြို့မဈေးကြီးမှာရှိတဲ့ ဇွဲထက်ရွှေဆိုင်ရှေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် ဆယ်ဦးကျော် ဒဏ်ရာရခဲ့ပါတယ်။
 
လားရှိုးမြို့က ဟိုတယ်၊ ရွှေဆိုင်နဲ့ စက်သုံးဆီဆိုင်တွေမှာ မကြာခဏ ဗုံးပေါက်ကွဲမှုတွေ ဖြစ်နေပြီး ဒီပေါက်ကွဲမှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ တိတိကျကျ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
 
လားရှိုးမြို့နယ်အတွင်းမှာ ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့တွေ အဓိကလှုပ်ရှားနေပါတယ်။ အဲဒီအဖွဲ့တွေထဲက KIA၊ TNLA၊ MNDAA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။