ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ကျေးရွာအုပ်စု လွယ်ဝိန်းရွာ အနီးမှာ နိုဝင်ဘာလ ၂ ရက်နေ့က စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ကြား တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံက RFA ကို ဒီနေ့ ပြောပါတယ်။
ကျေးရွာအနီးမှာ ကိုးကန့်တပ်ဖွဲ့တွေရှိနေပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာချိန်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကိုးကန့်တပ်ဖွဲ့တွေက ရွာရဲ့အထက်ပိုင်းမှာ ရှိနေတာပေါ့နော်။ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတော့ တိုက်ပွဲဖြစ်တာ။ အခုတော့ ကိုးကန့်တပ်ဖွဲ့က ဘယ်ရောက် သွားလဲတော့မသိဘူး။ စစ်ရေးကတော့ တင်းမာနေတဲ့ အခြေအနေပဲ။ ရွာသားတွေက တော့ တိုက်ပွဲဘယ်အချိန် ထပ်ဖြစ်မလဲ ကြောက်နေတာ၊ အဓိက လက်နက်ကြီး ကျမလားဆိုပြီးတော့ ကြောက်ကြတာ”
တိုက်ပွဲအတွင်း ကျေးရွာအနီး လက်နက်ကြီးတွေကျတာ ရှိပေမယ့် အရပ်သားထိခိုက်တာ မျိုးတော့ မရှိဘူးလို့ သူက ပြောပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းအထိ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမားနေဆဲပဲလို့လည်း ဆိုပါတယ်။
MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ နိုဝင်ဘာလ ၃ ရက် မနေ့က ထုတ်ပြန်ချက်မှာတော့ လားရှိုး မြို့အနီး စစ်ကောင်စီတပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) တပ်ဖွဲ့ကြား အခုလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က နှစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ MNDAA တပ်ဖွဲ့ ရှိတဲ့နေရာတွေကို ထိုးစစ်ဆင်လာရာကနေ တိုက်ပွဲဖြစ်တာဖြစ်ပြီး စစ်ရေးအခြေအနေက ဆက်လက်တင်းမာ နေဆဲပဲလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MNDAA တပ်ဖွဲ့က ထုတ်ပြန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဒီနေ့ နေ့လယ်ပိုင်းမှာ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းတာမှာတော့ ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရသေးပါဘူး။
လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ကျေးရွာအနီးတစ်ဝိုက်မှာ MNDAA ကိုးကန့်တပ်ဖွဲ့ အပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA၊ ရက္ခိုင့်တပ်တော် (AA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP စတဲ့ တိုင်းရင်းသားအဖွဲ့တွေလည်း လှုပ်ရှားလေ့ရှိပြီး စစ်ကောင်စီတပ်နဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်လေ့ရှိတယ်လို့ ဒေသခံက ပြောပါတယ်။