ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်တာဝန်ယူတဲ့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ အစီရင်ခံစာမှာပါရှိတဲ့လုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့က ဆက်လက်လုပ်ဆောင်တာတွေကို တာဝန်ယူစောင့်ကြည့်သင့်တယ်လို့ မနေ့က လက်ပံတောင်းတောင် ၂၆ ရွာ ဒေသခံတွေရဲ့ အစည်းအဝေးက သဘောထားကြေညာလိုက်ပါတယ်။
ဝက်မှေးရွာဟောင်းမှာ မနေ့ညနေပိုင်းက ပြုလုပ်တဲ့အစည်းအဝေးမှာ လက်ပံတောင်းဒေသခံတွေက စီမံကိန်းစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံချက်တွေကို အကောင်အထည်ဖော်ရေးအဖွဲ့က ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး သူတို့အမြင်တွေကို တင်ပြခဲ့ပါတယ်။
ဒီအစည်းအဝေးကနေ အချက် ၈ ချက်ပါ သဘောထားကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာ စီမံကိန်းအတွက် စာချုပ်အသစ်ချုပ်ဆိုလိုက်ပြီဖြစ်တဲ့အတွက် နိုင်ငံတော်အနေနဲ့ အကျိုးအမြတ်ပိုပြီးရရှိလာတာကို ကြိုဆိုတယ်လို့ ဖော်ပြထားသလို လုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့အနေနဲ့ ဒေသခံတွေနဲ့ လုပ်ငန်းတွေ ချမှတ်မဆောင်ရွက်ခင် ညှိနှိုင်းဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။
မနေ့က အစည်းအဝေါ်ကို ဒေသခံ ၂၆ ရွာက ကိုယ်စားလှယ်တွေအပြင် မန္တလေး မုံရွာက ဆရာတော်သံဃာတော်များ၊ နိုင်ငံရေးပါတီများနဲ့ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀၀ လောက် တက်ရောက်ခဲ့ပါတယ်။