တရုတ် ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေတဲ့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး မပြေမလည်ဖြစ်နေစဉ်အတွင်း၊ ပြီးခဲ့ တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ညက ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်လို့ ဒဏ်ရာရရှိခဲ့ကြတဲ့ တောင်ဒေသ မိုးကြိုးပြင်တောင်ရွာက လူနာ ၄ ယောက်ကို မနေ့ညက မန္တလေးဆေးရုံကြီးကို ပို့လိုက်ပါတယ်။
သူတို့ထဲကတချို့ကို ခွဲစိပ်ကုသရမှာဖြစ်ပြီး၊ မန္တလေးအခြေစိုက် ၈၈ မျိုးဆက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ကူညီနေကြောင်း လူနာတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ ရန်ကုန်အခြေစိုက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမာမာဦးက RFA ကို ပြောပါတယ်။
မန္တလေးဆေးရုံ ရောက်နေသူတွေကတော့ ဒေါ်အေးစန်း၊ ကိုစိုပြေအောင်၊ ကိုဖိုးစီနဲ့ ကိုထွန်းအေးတို့ ၄ ယောက်ဖြစ်တယ်လို့ဆိုပါတယ်။
ဒီဖြစ်ရပ်မှာ ရွာသားတွေက လေးခွနဲ့ပစ်လို့ ရဲတပ်သား ၉ ယောက် ဒဏ်ရာတချို့ရခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။
ကြေးနီစီမံကိန်းအနီးကလမ်းကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတဲ့အတွက် ဆန္ဒပြခဲ့ကြတဲ့ဒေသခံတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောတယ်လို့ AP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
မန္တလေးဆေးရုံကြီးကိုပို့လိုက်တဲ့ မိုးကြိုးပြင်တောင်ရွာက ဒဏ်ရာရလူနာတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ ရန်ကုန်အခြေစိုက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမာမာဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
0:00 / 0:00