လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင်းက သပိတ်စခန်းတွေ ဖြိုခွင်းခံခဲ့ရတဲ့ နှစ်ပတ်လည်နေ့ အဖြစ် ဒေသခံတွေက မုံရွာဘက်ကမ်းက ရွှေစည်းခုံဘုရားမှာ ငြိမ်းချမ်းရေးဆုတောင်းပွဲ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
ဒ့ါအပြင် နေ့လည်ပိုင်းက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ညက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မိုးကြိုးပြင်ရွာရှေ့မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အမြန်ဆုံးရပ်ဆိုင်းရေးအတွက် ဒေသခံ ၂၀၀ ကျော်လောက်ဟာ ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆုတောင်းပွဲနဲ့ ဆန္ဒပြပွဲတွေကို ဒေသခံတွေက ခွင့်ပြုချက်မယူဘဲ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အာဏာပိုင်တွေက ဟန့်တားနှောက်ယှက်ခြင်း မရှိခဲ့ပေမယ့် စောင့်ကြည့်ရှုခဲ့တယ်လို့ မိုးကြိုးပြင်ရွာသား ကိုမင်းက ပြောပါတယ်။ အခုညပိုင်းမှာလဲ အင်ကြင်းတောင်ပေါ်က သပိတ်စခန်းမှာ အန္တရာယ်ကင်းပရိတ်တော်တွေကို သံဃာတော်တွေကချီးမြှင့်ပြီး အန္တာရာယ်ကင်းပရိတ်တွေ ရွတ်ဖတ်မယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊မုံရွာခရိုင်က လက်ပံတောင်းတောင်ဒေသက လျော်ကြေးမယူထားတဲ့ ဒေသခံတွေဟာ သူတို့မြေယာတွေပေါ်မှာ ကြေးနီစီမံကိန်း တာဝန်ရှိသူတွေက ရဲကင်းတဲတွေ လာဆောက်ထားတာကို ဖယ်ရှားစေလိုတဲ့အတွက်ဆိုပြီး မိုးကြိုးပြင်တောင်ရွာမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ ၁၄ ရက်နေ့က မပြေမလည်ဖြစ်ခဲ့ရာက ဒေသခံတချို့ဒဏ်ရာရရှိခဲ့ပြီး မန္တလေးဆေးရုံမှာ ဆေးကုသခံနေရသလို ရဲတပ်ဖွဲ့ဝင်တွေဘက်ကလဲ ဒဏ်ရာရခဲ့တာတွေရှိခဲ့ပါတယ်။