အာဏာပိုင်တွေက လယ်တီသိမ်တော်ကို ဝင်ရောက်ခွင့်ပိတ်ထားတဲ့အတွက် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဒေသမှာ ရဟန်းသံဃာတချို့ နဲ့ ဒေသခံ ပြည်သူတချို့ဒီနေ့ညနေမှာ ထိုင်သပိတ်မှောက်ပြီး ဆန္ဒပြနေတယ်လို့ သိရပါတယ်။
ကြေးနီစီမံကိန်းဆောင်ရွက်နေတဲ့ ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီက လယ်တီသိမ်တော်အနားကတောင်မှာ ၃ ရက်ဆက်တိုက် မိုင်းခွဲတဲ့ဒဏ်ကြောင့် သိမ်တော်ထိခိုက်မှုရှိမရှိ ဒေသခံသံဃာနဲ့ ပြည်သူတွေစိုးရိမ်ပြီး ဝင်ရောက်ကြည့်ရှုခွင့် တောင်းခံတာမရတဲ့အတွက် ဒီနေ့ညနေကစပြီး ထိုင်သပိတ်မှောက်နေပြီလို့ ဒေသခံဆရာတော် ဦးစန္ဒာသီရိက ပြောပါတယ်။
"ခြံစည်းရိုးကာတဲ့နေရာကနေပြီး ရဲအင်အား ၂၀၀ ကျော်ကျော်နဲ့ တားထားပါတယ်၊ ဦးဇင်းတို့ မနက်က ဝင်ခွင့်တောင်းတာကို သူတို့မပေးတဲ့အတွက် အခု ၃ နာရီကနေစပြီး အဲဒီနေရာမှာပဲ ထိုင်သပိတ်စနေပါပြီ"
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းက လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်တော်နဲ့ သာသနိက အဆောက်အအုံတွေကို မူလအတိုင်းထားပေးဖို့ မန္တလေးကသံဃာနဲ့ ပြည်သူတချို့ ချီတက်လမ်းလျှောက်ခဲ့ရာမှာ စစ်ကိုင်းတံတားအနီးမှာ အာဏာပိုင်တွေက တားဆီးခဲ့ပါတယ်။
အဲဒီနောက်သိမ်တော်နဲ့ အဆောက်အဦးကို မူလအတိုင်း ပုံစံမပျက်ပြောင်းရွှေ့ပေးမယ်လို့ ဝမ်ပေါင်ကုမ္ပဏီက ကတိပေးပြောဆိုတဲ့အကြောင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ခုထိတော့ ဘာမှထူးခြားမှု မရှိသေးတဲ့အတွက် သူတို့အနေနဲ့ အမြဲစောင့်ကြည့်နေတယ်လို့ သံဃာတွေကမိန့်ပါတယ်။
ဆရာတော် ဦးစန္ဒာသီရိကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။