မြောက်ဦးဖြစ်စဉ်မှာ ပါဝင်ခဲ့သူ ၁၃ ဦးကို တရားစွဲတင်

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၆ ရက်နေ့ညက ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ၁၃ ဦးကို အစိုးရက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ နဲ့ မြောက်ဦးမြို့နယ် တရားရုံးမှာ ဒီနေ့ တရားစွဲတင်လိုက်ပါတယ်။

တရားစွဲတင်ခံရသူ ၁၃ဦးထဲမှာ ၈ ဦးက စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်တဲ့အတွက် တရားရုံးကို လာရောက်နိုင်ခြင်းမရှိခဲ့ဘူးလို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ တရား လွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။

"ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆၁၂ ကျိန်းသေနေပါတယ်။ ရာဇသတ်ကြီး အမှုအမှတ် ၃၈/၂၀၁၈ ဖြစ်ပါတယ်။ နှစ်စဉ် ထောင်ထဲမှာရှိတဲ့ စစ်တွေ ဆေးရုံမှာရှိတဲ့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ (၈) ယောက်အတွက် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ စွဲဆိုထားတာကတော့ (၁၃) ယောက်လို့ ပြောပါတယ်။ မြောက်ဦး တရားရုံးကိုတော့ ကျန်းမာရေး အခြေအနေအရ ထုတ်လာပြီးမှ ထောင်ထဲကို ပြန်သွင်းလိုက်ရတယ် ဆိုတာလည်း ကျမတို့ သတင်းရပါတယ်"

ဒီနေ့ တရားစွဲတင်လိုက်တဲ့ ၁၃ ဦးထဲက ၅ ဦးဟာ အခင်းဖြစ်ပြီးနောက် မြောက်ဦးဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့တာဖြစ်ပြီး တရားခံပြေးအဖြစ် သတ်မှတ်ခံထားရတယ်လို့ သိရပါတယ်။

မြောက်ဦးဖြစ်စဉ်ကြောင့် စစ်တွေဆေးရုံကြီးမှာ ဆေးကုသခံယူနေရသူ ၈ ဦးကို အစိုးရက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေနဲ့ မြောက်ဦးမြို့မရဲစခန်းမှာ အမှုဖွင့်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။

ဆေးရုံကနေတစ်ဆင့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ လူနာမိသားစုတွေဘက်က ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်ကို လာရောက် အကူအညီတောင်းခံခဲ့တာကြောင့် အဲဒီအမှုကို ပါတီကဖွဲ့စည်းထားတဲ့ ဥပဒေအထောက်အကူပြု ကော်မတီက လိုက်ပါဆောင်ရွက်နေတယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။