တိုက်ပွဲတွေပြင်းထန်နေလို့ လွိုင်ကော်ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးနေရ
2023.11.15
စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်မြို့မှာ ဒေသခံနှစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး နောက်ထပ်သုံးသောင်းကျော်က မြို့ထဲမှာပိတ်မိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ကိုဗညားက RFA ကို ပြောပါတယ်။
"ပထမ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိက တစ်သောင်းဝန်းကျင်လောက် ထွက်လာနိုင်တယ်လို့ မျှော်လင့်တယ် တချို့လည်း ကျွန်တော်တို့ စာရင်းပေးတယ် တချို့လည်း နီးစပ်ရာသွားကြတယ်၊ ၁၅ ရက်နေ့မှာတော့ မနက်ပိုင်းအထိ တစ်သောင်းဝန်းကျင်လောက် ထွက်နိုင်မယ်လို့ထင်တယ်၊ လွိုင်ကော်မြို့မှာလည်း အနည်းဆုံး သုံးသောင်း၊ သုံးသောင်းခွဲလောက် ကျန်နိုင်တယ်၊ ရပ်ကွက်တော်တော်များများက မရှောင်နိုင်ဘူး၊ မပြေးနိုင်သေးဘူး၊ ထွက်ပေါက်နဲ့အနီးဆုံးရပ်ကွက်နဲ့ တချို့လူတွေပဲ မနက်ပိုင်းမှာ စစ်ကောင်စီက သွားခွင့်ပြုတဲ့အပေါ်မှာ အခြေခံပြီး ပြေးနိုင်ခဲ့ကြတာပေါ့နော်"
လွိုင်ကော်မြို့ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့လည်း ကိုဗညားက ပြောပါတယ်။
ကရင်နီပြည်က တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရသူ သုံးသိန်းနီးပါးရှိပြီလို့လည်း ဆိုပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာ၊ ရပ်ကွက်တွေထဲ ဝင်ရောက်ပစ်ခတ်တာကြောင့် အရပ်သား ၃၆ ဦးကျော် သေဆုံးခဲ့တယ်လို့လည်း ကရင်နီလူ့အခွင့်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီလိုအရပ်သားတွေ ပိတ်မိတာ၊ အရပ်သားတွေကို ပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာတွေမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၅ ရက်နေ့က ပြောကြားရာမှာတော့ လွိုင်ကော်တက္ကသိုလ်နဲ့ အကျဉ်းထောင်တွေ တိုက်ခိုက်ခံရတဲ့ကိစ္စတွေကို ပြောဆိုခဲ့ပေမဲ့ အရပ်သားတွေ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ကိစ္စကိုတော့ ထည့်သွင်းပြောဆိုခဲ့တာမရှိပါဘူး။