လက်နက်ကြီးကျည် ထိမှန်ထားတဲ့ လွိုင်ကော် ကုန်းသာရွာမှာ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကုန်းသာရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲပြီး ဒဏ်ရာ အပြင်းအထန်ရလို့ လွိုင်ကော်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ အမျိုးသမီး တစ်ဦး မနေ့ညနေပိုင်း ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကုန်းသာရွာက စစ်ဘေးဒုက္ခသည်တွေ နေထိုင်နေတဲ့ နေအိမ်တစ်လုံးပေါ်ကို အောက်တိုဘာလ ၂၃ ရက်နေ့ ည ၉ နာရီလောက် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး နေရာမှာပဲ သေဆုံးခဲ့ပြီး မိသားစု ဝင်သုံးဦး ဒဏ်ရာရခဲ့တာပါ။

အဲဒီအထဲက ဦးခေါင်းမှာ ဒဏ်ရာအပြင်းအထန်ရခဲ့တဲ့ အမျိုးသမီးကို လွိုင်ကော်ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး မနေ့ညနေပိုင်းမှာပဲ သေဆုံးခဲ့တာလို့ ဒဏ်ရာရသူတွေကို ကူညီပေးခဲ့သူ တစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ညနေပိုင်း ငါးနာရီလောက်မှာ ဆုံးသွားတာပါ။ ဆေးရုံပို့ချိန်မှာ ခေါင်းက တော်တော်လေးထိထားတော့ စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတာ။ မိဘနှစ်ယောက်လုံး ဆုံးသွားတော့ ကလေးနှစ်ယောက်ကျန်ခဲ့တယ်။ အကြီးက ကိုးနှစ်၊ အငယ်က လသား လေးပေါ့။ အကြီးကောင်လေးက ပေါင်မှာဒဏ်ရာနည်းနည်းတော့ ရထားတယ်။ စိုးရိမ် စရာတော့ မရှိဘူးဗျ။ ကလေးတွေက မိဘတွေမရှိတော့ မွေးစားချင်သူတွေရှိတော့ သူတို့ ဆွေမျိုးတွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးဖို့ လုပ်နေပါတယ်”

ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းကို စစ်ကောင်စီရဲ့ မိုးဗြဲ အခြေစိုက် (ခမရ-၄၂၂)၊ ဖယ်ခုံအခြေစိုက် (ခမရ-၃၃၆) နဲ့ လွိုင်ကော်အခြေစိုက် (ခလရ-၂၆၁) တပ်တွေက နေ့စဉ်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်နေတာကြောင့် ကုန်းသာ ရွာထဲကို လက်နက်ကြီးကျည်နှစ်လုံး ကျခဲ့တာလို့ စစ်ဘေး ဒုက္ခသည်အရေး ကူညီပေးနေသူ တွေက ပြောပါတယ်။

ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဒီကနေ့ နေ့လယ်ပိုင်းမှာ ဖုန်းနဲ့ ထပ်မံဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆို တာ မရှိပါဘူး။

ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အောက်တိုဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်တွေထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၀ ဦး သေဆုံး ခဲ့ပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။