ကံကောင်းခြင်းရတနာစက်ရုံက ဆန္ဒပြအလုပ်သမား ၅၄ ဦး အလုပ်ထုတ်ခံရ
2017.03.07

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က ကံကောင်းခြင်းရတနာသစ်အချောထည်စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမား ၅၄ ဦးကို အလုပ်ရှင်က အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ဆန္ဒပြကြတာဖြစ်ပြီး အလုပ်ကိုခွင့်မဲ့ ပျက်ကွက်တယ်ဆိုတဲ့အချက်နဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာလို့ ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုဌေးကိုကိုမောင်က ပြောပါတယ်။
"ကျနော်တို့ ၂၈ ရက်နေ့ကစပြီးဆန္ဒပြတယ် ခွင့်မတိုင်လို့ ခွင့်မဲ့ပျက်ကွက်လို့ဆိုပြီး အလုပ်ထုတ် လိုက်တယ်။ ကျနော်တို့က ဆန္ဒဖော်ထုတ်နေတာလေ သူတို့ကိုခွင့်တိုင်စရာမှ မလိုတာ။ စာကတော့ ကျနော်တို့ဆီ မရောက်ပါဘူး စက်ရုံထဲမှာပဲ ကပ်ထားတယ်ပြောတယ်"
ဆန္ဒပြနေတဲ့ အလုပ်သမား ၇၀ ကျော်ထဲက ၅၄ ဦးကို အလုပ်ကနေထုတ်ပယ်ကြောင်း စက်ရုံထဲမှာ စာထုတ်ကြေညာထားတာဖြစ်တယ်လို့ သိရပါတယ်။
ဆန္ဒပြအလုပ်သမားတွေဟာ တစ်ပတ်ကိုအလုပ်ချိန် ၄၄ နာရီသာထားရှိပေးဖို့၊ အနည်းဆုံးအခကြေးငွေ ၃၆၀၀ ကျပ်သတ်မှတ်လိုက်ပြီးနောက်ပိုင်းမှာ လုပ်ခလစာတွေ အရင်ကထက် နည်းပါးသွားတာကြောင့် အရင်လစာ အတိုင်း ပြန်လည်တိုးမြှင့်ပေးဖို့၊ လူမှုဖူလုံရေးခံစားခွင့်တွေကို ပြန်ပေးဖို့ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။
အလုပ်ရှင်အလုပ်သမား ညှိနှိုင်းရေးအဖွဲ့တွေနဲ့ နှစ်ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပေမယ့် ပြေလည်မှု မရသေးတာကြောင့် ထိုင်သပိတ်ကို ဆက်လက်အရှိန်မြှင့်သွားမယ်လို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။