မကွေးတိုင်းအတွင်း ဇန်နဝါရီလ ၁ ရက်ကနေ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ တစ်လခွဲအတွင်း စစ်ကောင်စီကြောင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသမီး ငါးဦးနဲ့ အမျိုးသား (၂၂) ဦး စုစုပေါင်း ၂၇ ဦး ဖြစ်ပြီး အသက် ၁၈ နှစ်အောက် သုံးဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။ အဲဒီထဲက ၁၂ ဦးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သေဆုံးခဲ့တာလို့လည်း ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာက အင်အား ၂၀၀ ခန့် ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေဟာ သင်တောကျေးရွာကို ပစ်ခတ်ဝင်ရောက်ပြီး ကောက်ပဲသီးနှံတွေ ရိတ်သိမ်းဖို့သွားတဲ့ ကိုမောင်ပု အပါအဝင် ဒေသခံ အမျိုးသား ခုနှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် အစုလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် အဲဒီစစ်ကြောင်းကပဲ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုကျေးရွာကို ထပ်မံဝင်ရောက်စီးနင်းပြီး ရွာခံတွေဖြစ်တဲ့ ကိုတိုးလွင်၊ ကိုမျိုးသန့်နဲ့ စစ်ဘေးရှောင်ဖို့ ရောက်နေတဲ့ ရေသာတောကျေးရွာက ကိုဇော်လင်းအောင်တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်အာဏာသိမ်းတဲ့ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ကနေ ၂ဝ၂၄ ခုနစ် ဖေဖော်ဝါရီလ ၁၆ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၄,၅၄၅ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။