မကွေးတိုင်း၊ ပခုက္ကူမြို့မှာ အောက်တိုဘာလ ၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံ ခဲ့တာကြောင့် ကလေးငယ်နှစ်ဦးနဲ့ မိခင်ဖြစ်သူတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားသူတွေက ပခုက္ကူမြို့၊ အမှတ် ၁၅ ရပ်ကွက်၊ ဆင်ပေါက်လှ ၈ လမ်းက ဖြစ်ပြီး ကလေးငယ်နှစ်ယောက်ရဲ့ ရုပ်အလောင်းကို အောက်တိုဘာလ ၈ ရက်နေ့မှာတွေ့ရှိခဲ့ပြီး အဲ့ဒီနေ့ ညနေပိုင်းမှာ မိခင်ဖြစ်သူ ရုပ်အလောင်းကို တွေ့ရှိခဲ့ပေမယ့် ဖခင်ဖြစ်သူကတော့ ပျောက်ဆုံးနေဆဲလို့ ပြောပါတယ်။
ပခုက္ကူမြို့မှာ အောက်တိုဘာလ ၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဆင်ပေါက်လှချောင်းက ရုတ်တရက် ရေးကြီးကာ မိသားစုလေးဦး ချောင်းရေနဲ့မျှောပါသွားတာလို့ ပခုက္ကူမြို့ခံတစ်ဦးက ပြောပါတယ်။
"အဲဒီချောင်းက ရေအမြဲစီးတာ မဟုတ်ဘူး။ မိုးတွင်းရေတအားကြီးမှရေစီးတအားသန်တဲ့ ချောင်းခြောက်ဗျ။ အထက်အညာမှာ မိုးကောင်းရင် ရုတ်တရက် ထစီးတော့ မိဘနှစ်ယောက်နဲ့ ကလေးနှစ်ယောက်က ချောင်းရေနဲ့ ပါသွားတာဗျ"
ပခုက္ကူမြို့မှာ ညပိုင်းမိုးများတာကြောင့် သစ်ပင်တွေနဲ့ ဓါတ်တိုင်တွေ ပြိုလဲကာ လမ်းများပိတ်ဆို့ခဲ့ပြီး မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
အညာဒေသတွေမှာ ရေမရှိတဲ့သဲချောင်းတွေများပြီး အဲဒီချောင်းမြေပေါ်မှာ နေအိမ်တွေဆောက်လုပ် နေထိုင်တာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က ပခုက္ကူမှာရေကြီးတုန်းကလည်း လူပေါင်းတစ်ရာနီးပါးလောက် သေဆုံးဖူးတယ်လို့ မြို့ခံတွေက ပြောပါတယ်။