မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်က ကျေးရွာခုနစ်ရွာကို စစ်ကောင်စီ မီးရှို့

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာခုနစ်ရွာခန့်ကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး နိုဝင်ဘာလ ၉ ရက်ဒီကနေ့အထိ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်ထဲက မာကလာခြံရွာ၊ ဆင်ခြေယာရွာတွေနဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ဆူးလေကုန်းရွာ၊ သူဌေးကုန်းရွာ (သုခဒီပရွာ)၊ နနွင်းကိုင်းရွာ၊ ရွှေတချောင်းရွာနဲ့ မြစ်သာကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရေစကြိုနဲ့ မြောင်မြို့နယ်တွေကနေ လာရောက်ပြီး အင်အား ၄၀၀ ခန့်နဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီနေ့မနက်ကို မြောင်နယ်ထဲက ဆူးလေကုန်းနဲ့ သူဌေးကုန်း(သုခဒီပကို) မီးရှို့နေတယ်။ စစ်ကြောင်းက သုံးကြောင်း၊ လေးကြောင်းလောက် ရှိတယ်။ အဲ့ဘက်က အကုန်ပြေးနေရတယ်။မြောင်နယ်ထဲက ကျောက်ရစ်ဘက်က စစ်ကြောင်းတွေရော ရေလယ်ကျွန်းဘက်က စစ်ကြောင်းတွေရော ပတ်ထိုးနေတယ်"

315149909_163200859681005_4067765660314869393_n.jpg
နိုဝင်ဘာလ ၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြစ်သာကျေးရွာအား စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေသည့်မြင်ကွင်း။ ( ဓာတ်ပုံ-မင်းစစ်နိုင်)

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အဲဒီဒေသက ကျေးရွာတွေကိုနယ်မြေစိုးမိုးဖို့ လုပ်နေသလို ရွာတွေက PDF တွေကို ထောက်ပံ့ကူညီနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကြောင်းထိုး မီးရှို့နေတာလို့ ပြောပါတယ်။

အဲဒီရွာတွေဟာ နယ်မြေချင်း တဆက်တည်း ရှိနေပြီး အဲဒီရွာတွေအပါအဝင် အနီးအနားပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေရသလို စစ်ကောင်စီစစ်ကြောင်းတွေကလည်း ရှိနေသေးတာကြောင့် နေအိမ်ဘယ်လောက်မီးလောင်ဆုံးရှုံးသွားတယ်ဆိုတာကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က ရေစကြိုမြို့နယ်၊ မိဖုရားရွာကနေ ချင်းတွင်းမြစ်အတိုင်း ဆန်တက်ကာ ဆင်ခြေယာရွာထဲကို မနက်ပိုင်းမှာ ဝင်ရောက်ပြီး အဲဒီနေ့ညနေပိုင်းမှာ ရွာကို မီးရှို့တာလို့ ပြောပါတယ်။

အဲဒီနောက် နိုဝင်ဘာလ ၈ ရက်နေ့မှာ မာကလာခြံရွာကို ဝင်ရောက်မီးရှို့ပြီး စစ်ကြောင်းသုံးကြောင်းခွဲကာ မြောင်မြို့နယ်၊ နနွင်းကိုင်းကျေးရွာ၊ ရွှေတချောင်းကျေးရွာတွေကို ဆက်လက်မီးရှို့နေတယ်လို့ ပြောပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့ ဒီနေ့မနက်မှာတော့ မြောင်မြို့နယ် ဆူလေးကုန်းကျေးရွာ၊ သူဌေးကုန်းကျေးရွာနဲ့ မြစ်သာကျေးရွာတွေကို ဆက်လက်မီးရှို့နေတယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်က ကျေးရွာတွေကို မီးရှို့တာမျိုးမရှိဘူးလို့ အရင်က သတင်းမီဒီယာတွေကို ပြောဆိုလေ့ရှိပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က နိုဝင်ဘာလ ၉ ရက်နေ့ ဒီနေ့မှာ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ခေါ်ဆိုလို့ မရပါဘူး။

မီးရှို့ခံရတဲ့ကျေးရွာတွေဟာ ချင်းတွင်းမြစ်နဲ့ရောဝတီမြစ်ဆုံတဲ့နေရာမှာရှိပြီး ရေစကြိုမြို့နယ်၊ မြောင်မြို့နယ်၊ ချောင်းဦး၊ မြင်းခြံ၊ ငါန်းဇွန်၊ ပခုက္ကူမြို့နယ်တွေနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ဒေသဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။