မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက်နေ့ကစလို့ ဒေသခံ ၁၂၀ ဝန်းကျင် ထိန်းသိမ်းစစ်ဆေးနေပြီး ဒီနေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ်အချို့ မီးရှို့ခံရတာတွေရှိနေသလို ဖမ်းဆီးခံရသူရဲ့ လက်ကိုင်ဖုန်းကနေတစ်ဆင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သိမ်းယူထားတဲ့ လက်နက်တွေကိုပြန်အပ်ဖို့ ပြောဆိုတာ တွေရှိနေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ကျနော့်အစ်မလည်း အဖမ်းခံထားရတယ်။ မနေ့က ကျနော့်အစ်မ ဖုန်းဆက်တယ်။ ဘေးမှာ စစ်သားတွေလည်းရှိတယ်။ သူတို့ ဆက်ခိုင်းတာပေါ့။ ပြန်လာခဲ့ပေးပါလို့ ပြောတယ်။ လက်နက်တွေပြန်အပ်ဖို့လည်း ပြောတယ်”
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က အဲဒီရွာဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး သေနတ်နှစ်လက်သိမ်းယူနိုင်ခဲ့တယ်လို့ နတ်မောက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့က အောက်တိုဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် အောက်တိုဘာ ၁၇ ရက်နေ့ညကစပြီး ဖက်တောရေကျေးရွာကို စစ်ကောင်စီ တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံတွေကို ထိန်းသိမ်းစစ်ဆေးနေတာလို့လည်း ဒေသခံ တွေက ပြောပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။