မလေးရှားအာဏာပိုင်တွေဟာ မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်နေပြီး ခိုလှုံခွင့်လျှောက်ထားတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံကို ပြန်ပို့နေတာကို ရပ်တန်းကရပ်ဖို့နဲ့ ဒုက္ခသည်တွေကို ထိန်းသိမ်းထားတဲ့ ထိန်းသိမ်းရေးစခန်း (detention center) တွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခွင့်ပြုဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က အောက်တိုဘာလ ၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
မလေးရှားအာဏာပိုင်တွေဟာ မြန်မာစစ်တပ်ကို စွန့်ခွာထွက်ပြေးလာတဲ့ တပ်မတော်သားတွေ အပါအဝင် ခိုလှုံခွင့်ရဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံသား ၂ဝဝဝ လောက်ကို သူတို့ခိုလှုံခွင့်တောင်းခံရတဲ့အကြောင်းရင်းကို သေသေချာချာ မလေ့လာမစစ်ဆေးဘဲ သူတို့ကို ဖိနှိပ်သတ်ဖြတ်နေတဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တဲ့အကြောင်း၊ ဆက်ပြီး ခိုလှုံခွင့်လျှောက်ထားသူ မြန်မာနိုင်ငံသားတွေကို အတင်းအကြပ် ပြန်ပို့တာတွေ ထပ်လုပ်ဦးမယ်လို့ မျှော်လင့်ရတဲ့အကြောင်း HRW ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မလေးရှားအစိုးရဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက တာဝန်ရှိသူတွေကို ခိုလှုံခွင့်လျှောက်ထားသူတွေကို ထားတဲ့ ထိန်းသိမ်းရေးစခန်းတွေကို သွားရောက်ခွင့်မပေးတော့ဘူးလို့လည်း ဆိုပါတယ်။
မလေးရှားနိုင်ငံအတွင်း UNHCR မှာ လာရောက်မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်လျှောက်ထားသူ ၁၈၅ဝဝဝ လောက်ရှိနေပြီး၊ ဒီအထဲက အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့အကြောင်း၊ ဒီအထဲမှာ ရိုဟင်ဂျာတစ်သိန်းလောက် ပါဝင်တဲ့အကြောင်း HRW က ပြောပါတယ်။
ဒီအထဲက အနည်းဆုံး ၁၇၅၀၀ လောက်ဟာ မလေးရှားနိုင်ငံတစ်ဝန်းက ထိန်းသိမ်းရေးစခန်း ၂၁ ခုမှာ ထိန်းသိမ်းခံထားရတာ ဖြစ်ပြီး ဒီအထဲမှာ ကလေးငယ် ၁၅၀၀ လောက်အထိ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ရက်နေ့က၊ မလေးရှား လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေဟာ အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ ကွာလာလမ်ပူမြို့က မြန်မာသံရုံးက အရာရှိနှစ်ဦးနဲ့တွေ့ဆုံပြီး၊ မလေးရှားလူဝင်မှုကြီးကြပ်ရေးကနေ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပို့ဖို့ကိစ္စအတွက် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်း မလေးရှားအာဏာပိုင်တွေဟာ မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး စက်တင်ဘာလ ၂၂ ရက်မှာ မြန်မာနိုင်ငံသား ၁၄၉ ဦး၊ အောက်တိုဘာလ ၆ရက်မှာ ၁၅၀ ဦး နဲ့ အောက်တိုဘာ ၂၀ ရက်မှာ ၁၅၀ ဦးကို ကြိုတင်စီစဉ်ထားတဲ့လေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ HRW က ပြောထားပါတယ်။
ဒါ့အပြင် မြန်မာသံရုံးနဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဧပြီလကနေ စက်တင်ဘာလလယ်လောက်အတွင်းမှာလည်း မလေးရှားထိန်းသိမ်းရေး စခန်းတွေမှာ ထားတဲ့ မြန်မာနိုင်ငံသား ၁၅၀၀ လောက်ကို MAI လေကြောင်းလိုင်း လေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
ရိုက်တာသတင်းဌာနရဲ့ သတင်းပို့ချက်အရ အောက်တိုဘာ ၆ရက်နေ့က ပြန်ပို့တဲ့အထဲမှာ မြန်မာရေတပ်က စွန့်ခွာထွက်ပြေးလာတဲ့ အရာရှိ ခြောက်ဦး ပါဝင်နေတယ်လို့ သိရတဲ့အကြောင်း၊ ဒီအထဲက သုံးဦးလောက်ဟာ UNHCR မှာ ခိုလှုံခွင့်လျှောက်ထားပြီးသားဖြစ်တဲ့အကြောင်းနဲ့ ရန်ကုန်မြို့ကို ပြန်ရောက်ရောက်ချင်း ဒီအထဲက အရာရှိတစ်ဦးနဲ့ ဇနီးဖြစ်သူတို့ကို မြန်မာစစ်ကောင်စီ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရတဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မလေးရှားနိုင်ငံဟာ နိုင်ငံနယ်နိမိတ်ထဲကို ရောက်လာတဲ့ ဒုက္ခသည်နဲ့ ခိုလှုံခွင့်လျှောက်ထားသူတွေကို အကာအကွယ်ပေးဖို့ သဘောတူထားတဲ့ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ ကွန်ဗင်းရှင်းသဘောတူညီချက်တွေကို ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိပေမယ့် ဒုက္ခသည်တွေကို အတင်းအကြပ်ပြန်မပို့ရေးဆိုတာ နိုင်ငံတကာမှာ လက်ခံကျင့်သုံးနေတဲ့ သဘောတရားတစ်ခုဖြစ်တယ်လို့ HRW က ပြောပါတယ်။
ဒါ့အပြင် မလေးရှားအစိုးရဟာ ခိုလှုံခွင့်လျှောက်ထားသူတွေနဲ့ ပတ်သက်ပြီးတော့လည်း UNHCR ကို စစ်ဆေးဆုံးဖြတ်ဖို့ ခွင့်မပြုတာဟာလည်း နိုင်ငံတကာဥပဒေတာဝန်ရှိမှုတွေကို ချိုးဖောက်ရာရောက်နေတယ်လို့ ပြောပါတယ်။
မလေးရှားအစိုးရအနေနဲ့ အခုလို ခိုလှုံခွင့်လျှောက်ထားသူတွေကို သေသေချာချာစစ်ဆေးမှုမရှိဘဲ နေရပ်ပြန်ပို့နေတာကို ချက်ချင်းရပ်တန့်ပြီး၊ ခိုလှုံခွင့်လျှောက်ထားသူတွေရဲ့ အခြေအနေကို စစ်ဆေးဆုံးဖြတ်နိုင်ဖို့ ထိန်းသိမ်းထားတဲ့စခန်းတွေဆီ UNHCR ကို သွားရောက်ခွင့်ပေးဖို့ HRW က တောင်းဆိုထားပါတယ်။