ကုလညီလာခံမှာ မြန်မာပြည်သူတွေဘက်က ရပ်တည်ပြောဆိုမယ်လို့ မလေးရှားအစိုးရ ပြောကြား
လာမယ့်စက်တင်ဘာ ၁၉ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ အမေရိကန်နိုင်ငံ နယူးယောက် မြို့မှာ ကျင်းပမယ့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ပြောဆိုမယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားပါတယ်။
ဒါ့အပြင် အစည်းအဝေး အများအပြားမှာလည်း မြန်မာပြည်အကြောင်း ထည့်သွင်းပြောဆို မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
၁၉ ရက်နေ့ ညနေမှာ မလေးရှားအစိုးရက မြန်မာပြည်နဲ့ ပတ်သက်ပြီး အစည်းအဝေးတစ်ခု ကျင်းပမှာဖြစ်ပြီး အဲဒီအခမ်းအနားမှာ NUG အစိုးရ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ကိုယ်စားလှယ်နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တို့နဲ့ တွေ့ဆုံမယ်လို့လည်း ဆိုပါတယ်။
မြန်မာပြည်နဲ့ ပတ်သက်ပြီး သီးသန့်တွေ့ဆုံမှုတွေထဲမှာ စက်တင်ဘာ ၂ဝ ရက်နေ့မှာ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာနက အဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့ တွေဆုံပွဲ၊ စက်တင်ဘာ ၂၁ ရက်နေ့မှာ ရိုဟင်ဂျာ မွတ်စလင်ဆိုင်ရာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ တွေ့ဆုံပွဲ၊ ၂၂ ရက်နေ့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံပွဲ တွေမှာ မြန်မာပြည်အကြောင်း ပြောကြားမယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် စစ်ကောင်စီပါဝင်နေတဲ့ လက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ကို ပြန်လည်သုံးသပ်ဖို့လည်း အာဆီယံကို အဆိုပြုမယ်လို့ ဆိုပါတယ်။
အခုကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်းမှာ သာမက လာမယ့် နိုဝင်ဘာ လမှာ ကျင်းပမယ့် အာဆီယံထိပ်သီး ညီလာခံမှာလည်း အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်က မြန်မာပြည်အတွက် သက်ဆိုင်နေသေးလားဆိုတဲ့ အကြောင်းနဲ့ ဒီထက်ပိုပြီး ကောင်းတဲ့အရာနဲ့ အစားထိုးသင့်ကြောင်းတွေကို အလေးအနက် သုံးသပ်ဖို့ အဆိုပြုသွားမယ်လို့လည်း ပြောပါတယ်။