မန္တလေးမှာ သွေးသောက်အဖွဲ့စာတန်းနဲ့အတူ တစ်ရက်တည်း လေးဦး အသတ်ခံရ

မန္တလေးမြို့မှာ စက်တင်ဘာလ ၁၁ ရက် မနေ့က တစ်ရက်အတွင်း သေဆုံးသူ လေးဦး ရှိခဲ့ပြီး အလောင်းတွေ အနီးမှာလည်း သွေးသောက်အဖွဲ့ဆိုတဲ့ စာတန်းတွေပါ တွေ့ရတယ် လို့ မန္တလေးမြို့မှာရှိတဲ့ လူမှုကူညီရေးအသင်း အဖွဲ့ဝင်တွေက ပြောပါတယ်။

သေဆုံးသူတွေအားလုံးဟာ လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“အလောင်းသုံးခုက စစ်ကိုင်း-မန္တလေးလမ်း တံတားဖြူနားမှာ တွေ့ရတယ်။ နောက်တစ်လောင်းက ချမ်းမြသာစည်မြို့နယ်ထဲက ပန်တော်ဦး ဟိုတယ်ရှေ့မှာ သတ်ခံထားရတာ။ အသတ်ခံထားရတဲ့သူတွေက ဘယ်သူလဲဆိုတာတော့ မသိဘူး။ အလောင်းတွေကိုတော့ ဆေးရုံကြီးကို သယ်သွားတယ်”

အသတ်ခံထားရသူတွေဟာ အသက် (၃၀) ကျော်အရွယ် အမျိုးသားတွေ ဖြစ်ကြတယ်လို့ လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာ RFA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်းအစိုးရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေကြားခြင်း မရှိပါဘူး။

အခုနှစ် ဧပြီလ ၂၁ ရက်နေ့က လူမှုကွန်ရက် တယ်လီဂရမ်ကနေ မန္တလေးမြို့မှာ သွေးသောက်အဖွဲ့ဆိုတဲ့အမည်နဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ NLD ပါတီဝင်တွေ၊ ပါတီကိုထောက်ခံသူတွေ၊ PDF အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ ဆက်နွှယ်သူတွေကို သတ်ဖြတ်ချေ မှုန်းမယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

အဲဒီအဖွဲ့ ဖွဲ့စည်းပြီးတဲ့နောက်ပိုင်း အသတ်ခံရတဲ့ ဒေသခံ ၂၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။