မန္တလေး-ကျောက်ဖြူရထားလမ်းစီမံကိန်း ဆက်လုပ်ဖို့ တရုတ်နဲ့မြန်မာ လက်မှတ်ရေးထိုး

ဖြူဖြူခိုင်၊ နေမျိုးထွန်း
2021-01-12
Share

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ မြန်မာနိုင်ငံခရီးစဉ် မတိုင်ခင် တစ်ရက်အလိုမှာ မန္တလေး-ကျောက် ဖြူ ရထားလမ်းစီမံကိန်းရဲ့ နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံဘက်က ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံကုမ္ပဏီ China Railway Eryuan Engineering Group တို့ လက်မှတ်ရေး ထိုးခဲ့ကြပါ။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းအရ တရုတ်နိုင်ငံရဲ့ ဘေဂျင်း၊ ကူမင်း၊ ရွှေလီ အမြန် ရထားလမ်းပိုင်းနဲ့ မြန်မာနိုင်ငံဘက်က မူဆယ်၊ မန္တလေး၊ ကျောက်ဖြူ အမြန်ရထားလမ်း စီမံကိန်းတို့ ချိတ်ဆက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အဲဒီကနေ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းတို့ကို ချိတ်ဆက်သွားမှာပါ။

ဒီရထားလမ်းစီမံကိန်းဟာ နိုင်ငံအတွက်အကျိုးရှိမယ့် ကိစ္စလို့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းက သုံးသပ်ပါတယ်။

“အဓိက ဒါဖြစ်သွားရင် တရုတ်ပြည်အတွက်ကို ပင်လယ်ထွက်ပေါက်တစ်ခုရသွားမယ်။ အခုလုပ်နေတဲ့ ဂက်စ်ပိုက်လိုင်းနဲ့ ယှဉ်ပြီးဖောက်မှာဆိုတော့ ဒါအတွက်လုံခြုံရေးအတွက် ပြင်ဆင်ဖို့ ပိုပြီးတော့ အဆင်ပြေ သွားမယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းကလည်း စီးပွားရေးအရ ပိုပြီးတော့ ဖွံ့ဖြိုးတဲ့ ထုတ်ကုန်တွေများတဲ့ ဒေသနဲ့ချိတ်ဆက်မိမှာ ဖြစ်တဲ့အတွက် ကျောက်ဖြူရေနက်ဆိပ်ကမ်းကလည်း ပိုပြီးတော့ အကျိုးအမြတ် တွေရှိလာမယ်။ မြန်မာနိုင်ငံအတွက်ကလည်း ရေနက်ဆိပ်ကမ်းကရတဲ့ အခွန်အခတွေ ရထားဖြတ်သန်း ခတွေ ရမယ့်အပြင် သမုဒ္ဒရာကိုဖြတ်ပြီး တခြားနိုင်ငံတွေကို ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချမယ်ဆိုရင် တရုတ်ပြည်က ထုတ်လုပ်ရေးလုပ်ငန်းတွေက မြန်မာပြည်ထဲကို ရွှေ့လာဖို့ အလားအလာများတယ်။ အဲဒီအတွက်ကလည်း ဒီလမ်းပေါက်သွားတဲ့အတွက် နိုင်ငံအကျိုးရှိမယ့်ကိစ္စပါ”

ရထားလမ်းပေါ်ပေါက်လာရင် အများဆုံးအကျိုးအမြတ်ရရှိမှာက တရုတ်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံက မြေစိုက်ရတဲ့အတွက် လုပ်ငန်းကြီးတစ်ခုလုံးရဲ့ ၃၀ ရာခိုင်နှုန်း ရှယ်ယာပေးသင့်တယ်လို့ ဦးရဲထွန်းက မြင်ပါတယ်။

မြန်မာ-တရုတ် ရထားလမ်း ချိတ်ဆက်ခြင်းဟာ ရထားလမ်းတလျှောက်က လူဦးရေ ၁ . ၄ ဘီလီယံကို ချိတ်ဆက်နိုင်မှာဖြစ်လို့ ကြီးမားတဲ့ ဈေးကွက်တစ်ခုဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Mr. Chen Hai က ပြောကြားကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

ဒီရထားလမ်းဟာ မြန်မာ့စီးပွားရေးတိုးတက်ရေးနဲ့ ပြည်သူလူထုဘဝ ကောင်းမွန်ရေးကို အထောက်အကူ ပြုမယ့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားဖြည့်ပေးမယ်လို့ Mr. Chen Hai က ဆိုပါတယ်။

မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်း အပါအဝင် တရုတ်-မြန်မာရထားလမ်း ပူးပေါင်းဆောင်ရွက်မှုဟာ တရုတ်နိုင်ငံရဲ့ BRI နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေးရဲ့ အရေးပါတဲ့ စီမံကိန်းဖြစ်ပြီး မြန်မာနိုင်ငံက များစွာအလေးထားတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အဲဒီလက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

စီမံကိန်းနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာဖို့က အဓိကကျတယ်လို့ တရုတ်မြန်မာဆက်ဆံရေးကို လေ့လာနေတဲ့ ရန်ကုန်အခြေစိုက် သန္ဓိအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးခိုင်ဝင်းက ပြောပါတယ်။

“ဖြစ်နိုင်ခြေလေ့လာမှုလုပ်တယ်။ အဲဒီအထဲမှာ စီးပွားရေးအရ တွက်ခြေကိုက်မလား။ အရေးကြီးတာက ဒီလမ်းကို ဖောက်မယ်။ ဖောက်ရင် ဒီလမ်းမှာ တကယ်ကုန်သွယ်ရေးတွေ ဖြစ်ပါ့မလား။ လမ်းကို အသုံး ချတဲ့သူတွေ များပါ့မလား။ ဒီလမ်းတလျှောက်မှာ ဘာစီးပွားရေးလုပ်ငန်းတွေရှိလဲ။ အရေးကြီးတာက ရထားလမ်းကြီးကို ဖောက်မယ်ဆိုရင် ပွင့်လင်းမြင်သာမှုလိုတယ်။ တွေ့ရှိချက်တွေကို ထုတ်ပြန်ပေးဖို့ လိုတယ်။ ကနဦးလေ့လာချက်တွေမှာ တွေ့ရှိလိမ့်မယ်။ ဒီရထားလမ်းစီမံကိန်းက လုပ်သင့်လား မလုပ် သင့်လား။ အဲဒါတွေကို ပြည်သူလူထုကို ချပြဖို့လိုတယ်။ စီမံကိန်းက ရေတိုတင်ကောင်းလို့ မဖြစ်ဘူး။ ရေရှည်လည်းကောင်းဖို့လိုတယ်”

ရခိုင်ဟာ ပဋိပက္ခတွေများတဲ့ ဒေသဖြစ်လို့ ကြီးမားတဲ့ စီမံကိန်းတွေ လုပ်မယ်ဆိုရင် ဒီပဋိပက္ခတွေကို ပထမဆုံးလျော့ချဖို့နဲ့ ပွင့်ပွင့်လင်းလင်းဆောင်ရွက်ဖို့ လိုတယ်လို့ ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ညှိနှိုင်းရေးမှူး ဦးထွန်းကြည်က ယူဆပါတယ်။

“ပထမ ရွှေဂက်စ်ပိုက်လိုင်း စီမံကိန်းမှာလည်း တရုတ်နိုင်ငံဘက်ကရော တရုတ်ကုမ္ပဏီဘက်ကရော မြန်မာနိုင်ငံဘက်ကပါ မြေယာပြဿနာတွေ မရှင်းနိုင်ခဲ့တာ အခုအချိန်ထိ အများကြီးရှိနေသေးတယ်။ ပထမဆုံးလေ့လာမယ်ဆိုရင် ရခိုင်က တစ်ဦးချင်းအလိုက် မြေယာပိုင်ဆိုင်မှု အရမ်းနည်းတဲ့ဒေသဖြစ် တယ်။ ဖွံ့ဖြိုးမှု အနည်းဆုံးဒေသဖြစ်တယ်ဆိုတာကို အခြေခံကြည့်ဖို့လိုတယ်။ ရွှေဂက်စ်ပိုက်လိုင်းမှာ တုန်းကလည်း တစ်ပိုင်တစ်နိုင်မြေယာတွေထဲက ဆုံးရှုံးမှုတွေ အများကြီးရှိခဲ့တာမျိုးတွေရှိတယ်။ အခုရထားလမ်းဖောက်မယ်ဆိုရင် မြေယာပြဿနာကတော့ မဖြစ်မနေ ကြိမ်းသေပေါက် ရှုပ်ထွေးနိုင်တဲ့ အခြေအနေမှာရှိတယ်။ ပထမဆုံးအနေနဲ့တော့ အစိုးရ၊ ကုမ္ပဏီနဲ့ ဒေသခံတွေရဲ့ကြားမှာ သဟဇာတ ဖြစ်ဖို့နဲ့ စီမံကိန်းကောင်းကောင်းမွန်မွန်ဖြစ်လာဖို့ အဆင်ပြေချောမွေ့ဖို့ဆိုရင်တော့ မြေယာနဲ့ဆက်စပ်တဲ့ ပြဿနာကို လေ့လာဖို့လိုတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြည်သူတွေရဲ့ သဘောထားကို အလေးနက်ထား စဉ်းစားရမှာဖြစ်သလို ပြည်ထောင်စုရဲ့ ရေရှည် စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးတွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ ပြောပါတယ်။

“ပြည်သူတွေက မလိုလားတာများတယ်ဆိုရင် ပြည်သူအရေအတွက် ဘယ်လောက်က ဘယ်အကြောင်း အရာကြောင့် မလိုလားဘူးဆိုတာကို သက်ဆိုင်ရာ အုပ်ချုပ်ရေးရာ တာဝန်ရှိသူတွေကို တင်ပြရမှာဖြစ် ပါတယ်။ ပြည်သူတွေရဲ့ သဘောထားကလည်း အလေးအနက်ထား စဉ်းစားရမှာဖြစ်သလို ပြည်ထောင်စု တစ်ခုလုံးရဲ့ ရေရှည်နိုင်ငံရေး စီးပွားရေး နိုင်ငံတကာ ဆက်ဆံရေးတွေကိုလည်း တာဝန်ရှိသူတွေက ထည့် သွင်းစဉ်းစားမှာဖြစ်ပါတယ်။ လက်ရှိအစိုးရက ဒီအချက်အားလုံးကို ခြုံငုံစဉ်းစားပြီးမှ ဆောင်ရွက်တယ်လို့ ယုံကြည်ပါတယ်။ အချက်အလက် တစ်ခုချင်းစီကို အတိအကျ မသိနိုင်တဲ့အတွက် ဒီလောက်ပဲ ပြောနိုင် ပါတယ်”

မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဆက်လက်အကောင်အထည်ဖော်မယ့်လုပ်ငန်းစဉ်တွေနဲ့ ဘယ်ကုမ္ပဏီတွေ လုပ်ကိုင်သွားမယ်ဆိုတဲ့ အချက်အလက်တွေကို ရရှိဖို့ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြား ရေးမှူး ဦးဘမြင့်ကို ဆက်သွယ်ပေမယ့် ဇန်နဝါရီ ၁၄ရက်နေ့မှသာ ပြန်လည်ဆက်သွယ်ဖို့ သူ့ရဲ့ ကိုယ်ရေး အရာရှိက ပြောပါတယ်။

ဒီစီမံကိန်းနဲ့တဆက်တည်းဖြစ်တဲ့ မန္တလေး မူဆယ် ရထားလမ်းပိုင်းကိုတော့ ၂၀၂၀ နှစ်ဆန်းပိုင်းမှာ ဖြစ်နိုင်ခြေ လေ့လာမှုတွေကို တရုတ်နိုင်ငံပိုင် CREEG ကုမ္ပဏီက မြန်မာအစိုးရကို တင်ပြပြီးလုပ်ဆောင်ခဲ့ပါတယ်။

တစ်နှစ်အတွင်း နည်းပညာနဲ့ ငွေကြေးထည့်ဝင်မယ့် နည်းလမ်းတွေအတွက် နှစ်နိုင်ငံ ဆွေးနွေးပြီးနောက် အခု မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းဖြစ်နိုင်ခြေကို CREEG ကုမ္ပဏီကပဲ ဆောင်ရွက်သွားဖြစ်ပါတယ်။

အခုလက်မှတ်ရေးထိုးတဲ့ မန္တလေး-ကျောက်ဖြူ ရထားလမ်းဟာ (မိုင် ၄၀၀) ကျော်ရှည်ပြီး မန္တလေး-မူဆယ် လမ်းကြောင်းထက် မိုင်၉၀ကျော် ပိုရှည်လျားပါတယ်။ ဒီရထားလမ်းစီမံကိန်း နှစ်ခု အကောင်အထည်ပေါ်ခဲ့ရင် မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း တရုတ်မြန်မာနယ်စပ်ကနေ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းအထိ ဆက်စပ်သွား တော့မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့