စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မန္တလေးတိုင်းအတွင်းရေးမှူး ဦးတင်ကိုကို မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကနေ မတ်လ ၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီလို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အသက် ၆၀ ကျော်အရွယ် ဦးတင်ကိုကိုဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံရပြီး ကိုဗစ်စည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် လေးနှစ် ချမှတ်ခံထားရတာပါ။
လက်ရှိမှာ လျှော့ရက်တွေနဲ့ လွတ်ရက်စေ့လို့ လွတ်လာတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဦးတင်ကိုကိုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"လွတ်မြောက်တဲ့နေ့က သတင်းကြားပါတယ်။ ကျန်းမာတယ်။ ဝဝဖြိုးဖြိုးလည်း ရှိတယ်။ ပြန်ဆုံတွေ့ရမယ့် လူတွေထဲက တစ်ဦးလည်းဖြစ်လို့ ဝမ်းသာပါတယ်"
ဇန်နဝါရီလ ၄ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျတို့ လွတ်မြောက်ခဲ့ပါတယ်။
NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ် မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်ကတော့ ပုဒ်မအမျိုးမျိုးနဲ့ အိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံထားရပါတယ်။
အာဏာသိမ်း သုံးနှစ်အတွင်း NLD ပါတီဝင်ပေါင်း ၂၀၄၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ကောက်ယူရေးအဖွဲ့ (HRDT-NLD) က ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။