အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ မန္တလေးတိုင်း အတွင်းရေးမှူး ဦးတင်သစ်ကို သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ / ၃၀ (က) နဲ့ အိုးဘို အကျဉ်းထောင် တရားရုံးကနေ စက်တင်ဘာလ ၅ ရက်မနေ့က အလုပ်နဲ့ ထောင်နှစ်နှစ် ချမှတ်လိုက်တယ်လို့ ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရွေးကောက်ပွဲ လုပ်တဲ့နေ့က တိုင်းရုံးရှေ့မှာ လူစုလူဝေးဖြစ်တယ်ဆိုတာနဲ့ တရားစွဲတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ NLD ပါတီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ဦးတင်သစ်က သဘာ၀ဘေးနဲ့ နှစ်မှုရှိတယ်။ တစ်မှုက ကျုံးဘေးမှာ ကိုဗစ်ကာကွယ်ရေး လှုပ်ရှားမှု လုပ်တာကို စွဲခံရတာ။ အဲဒီအတွက်လည်း နှစ်နှစ်ချပြီးပြီ။ အခုက လက်ကျန်တစ်မှုကို ချလိုက်တာ"
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့အတူ စွဲဆိုခံခဲ့ရတဲ့ သဘာ၀ဘေး အမှုက တစ်ခုကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ထောင်နှစ်နှစ် အမိန့်ချ ခံခဲ့ရတာကြောင့် စုစုပေါင်း လေးနှစ်ရှိပြီလို့ ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းချိန်ကနေ အခုနှစ် မေလ ၅ ရက်နေ့အထိ NLD ပါတီဝင် ၉၁၇ ဦး ဖမ်းဆီးခံထားရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီက မေလ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။