လက်နက်ကိုင်ခုခံမှု အရှိန်မြင့်တက်လာတဲ့ မကွေးတိုင်း မြိုင်မြို့နယ်ထဲက ကန်နက်ရွာကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ ဝင်ရောက် လာပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ကန်နက်ရွာဟာ အိမ်ခြေ ၁၁၅ လုံးလောက်သာ ရှိတာမို့ ဒါဟာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံ ရတာလို့ ကန်နက်ရွာသားတွေက ပြောပါတယ်။
စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ပေါင်းထားတဲ့ လူအင်အား ၈၀ ကျော်ဟာ ဇွန်လ ၁၅ ရက်နေ့က ကန်နက်ရွာကို ရုတ်တရက် ဝင်ရောက်လာပြီး နေအိမ် သုံးလုံးကို စတင်မီးရှို့ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
နောက်တစ်ရက် ဇွန်လ ၁၆ ရက်နေ့မှာ နေအိမ် ၉၀ ကျော်ကို ထပ်မံမီးရှို့ခဲ့တာကြောင့် နှစ်ရက်အတွင်း နေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ကန်နက်ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"အိမ်ခြေ ၁၁၅ လုံးလောက် ရှိတာကို ၁၀၀ လောက် ပါသွားတာပေါ့။ ပျူစောထီးအဖွဲ့ တွေနဲ့ စစ်တပ် ပေါင်းလာပြီး မီးရှို့သွားတာ။ ကျနော်တို့ကလည်း ဘာမှလည်း မလုပ် ရဲဘူး။ သူတို့က လက်နက်တွေနဲ့ဆိုတော့"
စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာမို့ ဘေးလွတ်ရာကို ကိုယ် လွတ်ရုန်း ထွက်ပြေးခဲ့ရတဲ့အပြင် စစ်တပ်ပြန်ထွက်သွားလို့ ရွာထဲဝင်ပြီး မီးငြှိမ်းသတ်ချိန် မှာလည်း ရွာပြင်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာကြောင့် ထပ်မံထွက်ပြေးခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ဒီအဖြစ်အပျက်တွေကြောင့် ကန်နက်ရွာသား ၅၀၀ ခန့်ဟာ ရွာမှာ မနေရဲတော့ဘဲ ဘေး လွတ်ရာမှာ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၁၅ ရက်မတိုင်ခင် ရက်အနည်းငယ်က အခု မီးရှို့ခံရတဲ့ ကန်နက်ရွာအနီးက ကန်နီရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဒေသကာကွယ်ရေးတပ်တွေက ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် အနီး အနားဝန်းကျင်ရွာတွေကို စစ်တပ်က မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့တာဟာ စစ် တပ်လက်ချက် မဟုတ်ဘဲ PDF တွေရဲ့ လက်ချက်လို့သာ RFA က မေးမြန်းတဲ့အခါတိုင်း တုံ့ပြန်စွပ်စွဲလေ့ရှိပါတယ်။
အာဏာသိမ်းတစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက အိုးအိမ်အဆောက်အအုံ ထိခိုက်ပျက် စီးမှုတွေကို စနစ်တကျ လေ့လာမှတ်တမ်းတင်နေတဲ့ Data For Myanmar အဖွဲ့ရဲ့ ဇွန်လ ၇ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ မေလ ၃၁ ရက်အထိ တစ် နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူ နေအိမ် ၁၈,၈၈၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီအထဲမှာ မကွေးတိုင်းက ၃၀၅၅ လုံး ပါဝင်ပါ တယ်။