ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ-နမ္မတူလမ်းပိုင်း မန်လီကျေးရွာက စစ်ရှောင်နေတဲ့ ကျေးရွာသားတွေရဲ့ နေအိမ် လေးဆယ်ကျော် မေလ နှစ်ရက်နေ့မှာ ထပ်မံမီးရှို့ခံရတယ်လို့ သီပေါကိုထွက်ပြေးနေရတဲ့ မန်လီ ကျေးရွာသား တစ်ဦးက RFA ကို ပြောပါတယ်။
မေလ တစ်ရက်နေ့မှာ ကျေးရွာအနီး ပစ်ခတ်သံအချို့ ကြားရပြီး နေအိမ် ငါးလုံး မီးလောင်ခဲ့ပြီး တိုက်ပွဲမဖြစ်တဲ့ မေလ နှစ်ရက်နေ့မှာတော့ နေအိမ် လေးဆယ် လေးလုံး ထပ်မံမီးရှို့ခံခဲ့ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ မေလ ၃ရက်နေ့ မနေ့ကတော့ ကျေးရွာသားတွေဟာ သူတို့ရွာကို သွားရောက်ကြည့်ရှုချိန်မှာ နေအိမ်တွေ မီးလောင်နေတာကို တွေ့ရပြီး လက်နက်ကြီး ထိမှန်တဲ့အနေအထားထက် တမင် မီးရှို့သွားတဲ့ အခြေအနေမျိုး တွေ့ရတယ်လို့ ပြောပါတယ်။
နမ္မတူမြို့နယ် မန်လီကျေးရွာ၊ ပန်လုံကျေးရွာ၊ မန်ကျန်းကျေးရွာ၊ မန်ဆာကျေးရွာတွေမှာ ဧပြီ လဆန်းပိုင်းက စပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်တွေ တိုက်ပွဲဖြစ်နေတာပါ။
ဧပြီလ ခြောက်ရက်နေ့မှာတော့ မန်လီရွာထဲကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSSတပ်တွေ ဝင် ရောက် လာခဲ့ပြီး ရွာသားတွေကို တိမ်းရှောင်ဖို့ပြောခဲ့တာကြောင့် ရွာသားတွေဟာ သီပေါကိုတိမ်းရှောင်ခဲ့ကြ ပါတယ်။ အဲ့ဒီနောက်မှာ မန်လီရွာက အိမ်သုံးလုံးစတင်မီးလောင်ခဲ့ပြီး မေလတစ်ရက်နေ့မှာ လေးလုံး ထပ်မံ မီးလောင်ခဲ့သလို မေလ နှစ်ရက် နေ့မှာတော့ အိမ်ခြေလေးဆယ်ကျော် ထပ်မံမီးလောင်သွားတဲ့အတွက် အိမ်ခြေ တစ်ရာကျော်ရှိတဲ့ မန်လီရွာ တစ်ဝက်နီးပါး မီးလောင်ပျက်စီးခဲ့ပြီလို့ မန်လီကျေးရွာသား ကိုစိုင်း RFA ကို ပြောပါတယ်။
ဒါ့အပြင် နမ္မတူမြို့နယ် ရေအိုးရွာက နေအိမ်နှစ်လုံးလည်း မီးရှို့ခံရတယ်လို့ ကျေးရွာသားက ပြောပါတယ်။ ဧပြီလဆန်းကနေစပြီး နမ္မတူမြို့နယ် ပန်လုံမန်ကျန်းရွာမှာ နေအိမ် လေးဆယ့်ငါးလုံး၊ မန်ဆာရွာမှာ ဆယ့်သုံးလုံး နဲ့ မန်လီရွာမှာ ငါးဆယ် နီးပါး၊ ရေအိုးရွာမှာ နေအိမ်နှစ်လုံး မီးလောင်ခဲ့တာကြောင့် စုစုပေါင်း စစ်ဘေးရှောင်တွေရဲ့နေအိမ် တစ်ရာကျော် မီးလောင်ပျက်စီခဲ့ပြီး အားလုံးနီးပါးဟာ တအာင်းပလောင်အိမ်တွေ ဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် နမ္မတူမြို့နယ် ပန်လုံ၊ မန်ကျန်း၊ မန်ဆာ၊ ရေအိုး အပါအဝင် အနီးအနား ကျေးရွာက ရွာသားနှစ်ထောင်ကျော်လည်း သီပေါနဲ့ နမ္မတူမြို့တွေကို တိမ်းရှောင်နေရပါတယ်။
ကျေးရွာသားတွေနေအိမ် မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး TNLA ကတော့ သူတို့ပူးပေါင်းအဖွဲ့တွေ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုထားပြီး RCSS ပြောခွင့်ရသူတွေကို ဖုန်းဆက်သွယ်မေးမြန်းရာမှာ ဆက်သွယ်လို့ မရသေးပါဘူး။