ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် စီခမ်းကြီးရွာက ဒေသခံ ငါးဦးသေဆုံခဲ့ပြီး အယောက် သုံးဆယ်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က အဲဒီညမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ "စီခမ်းကြီးစခန်း"ကို ဖေဖော်ဝါရီလ (၁၇) ရက်ပိုင်းကစပြီး ရက္ခိုင့်တပ်တော် (AA)နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က စခန်းမကျဆုံးရအောင် လေကြောင်းပစ်ကူတွေနဲ့ ခုခံကာကွယ်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရပ်သားတွေနဲ့ ရပ်ရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ သေဆုံးခဲ့တာလို့လည်း ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာလည်း ရသေ့တောင်မြို့မြောက်ဘက်၊ ခနောင်းကြီးကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ရသေ့တောင်မြို့အခြေစိုက် ခမရ (၅၃၆) တပ်ရင်းနဲ့ AA အကြား တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရမ်းဗြဲမြို့မှာလည်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့လယ်ပိုင်းကစပြီး စစ်ကောင်စီဘက်က Mi-35 စစ်ရဟတ်ယာဉ်တွေကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သလို ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမှတ် (၄) ကင်းတဲရပ်ကွက်က လူနေအိမ် (၆၀) ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တောင်ကုတ်မြို့နယ် မအီမြို့မှာရှိတဲ့ မအီချောင်းတံတားနဲ့ ကျောက်ကြီးပေါက်တံတားတွေကို ဖေဖော်ဝါရီလ ၁၆ ရက် ညပိုင်းမှာ စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။