ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့စစ်ဘေးဒုက္ခသည် နှစ်ထောင်နီးပါးဟာ စားရေးသောက်ရေးအတွက် အခက်အခဲတွေကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုနှစ် ဖေဖော်ဝါရီလကတည်းက ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် စီခမ်းကြီး၊ စီကော်၊ ပန်တိုင်း၊ သံတံတား၊ မလင်၊ နောင့်မူး၊ ခါချဉ်နဲ့ မွန်ဆင့်အပါအဝင် ရွာပေါင်းဆယ်ရွာခန့်က ဒေသခံနှစ်ထောင်နီးပါး ဘေးလွတ်ရာထွက်ပြေးနေရတာပါ။
လတ်တလော မံစီမြို့ပေါ်က မံသာဘုန်းကြီးကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေမှာ စီစဥ်ပေးထားပေမယ့် စားနပ်ရိက္ခာအတွက် ခက်ခဲနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဆန်၊ ဆီ၊ ဆားနဲ့ ပဲ အဓိကလိုနေတာ။ နေစရာ၊ ထိုင်စရာရှိပေမယ့် စားသောက်ဖို့ကျ ရေရှည်မလွယ်ဘူးဖြစ်နေတာပါ။ လတ်တလောအရ နေရပ်ပြန်ဖို့လည်း အဆင်မပြေတော့ ရေရှည်ကျွေးမွေးဖို့က မလွယ်တော့ဘူးပေါ့နော်။ ထမင်းရှိရုံနဲ့တင် ဟင်းက အရွက်ရေလုံပြုတ်နဲ့လည်း စားနိုင်ကြတယ်။ အဲဒါကြောင့် ဆန်ကိုပိုလိုအပ်တာပါ”
အဲဒီအထဲမှာ ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေပါ ပါဝင်နေတာကြောင့် ဆေးဝါးပစ္စည်းတချို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။
အဲဒီရွာတွေမှာ တိုက်ပွဲတွေဆက်ရှိနေသလို စစ်ကောင်စီတပ်ကလည်း ဒေသခံတွေရှိတဲ့ရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် နေရပ်မပြန်ရဲသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။