မန်တုံမြို့ အဝင်အထွက်ပြန်ဖွင့်ပေး


2017.08.10
manton-622.jpg မန်တုံမြို့ဝင် ဆိုင်းပုဒ်ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့အနီးမှာ သြဂုတ် ၅ ရက်နေ့က တပ်မတော် ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း မန်တုံမြို့ အဝင်အထွက်တွေကို ပိတ်ထားတာကို တပ်မတော်က ဒီကနေ့ မနက်ကစပြီး ပြန်ဖွင့်ပေးလိုက်ပါတယ်။

တပ်မတော်က မန်တုံမြို့ကို ဝင်ထွက်သွားလာခွင့် ၅ ရက်လောက် ပိတ်ထားခဲ့တာဖြစ်ပါတယ်။ မန်တုံမြို့ထဲမှာ ပိတ်မိနေခဲ့တဲ့ မော်တော်ယာဉ်တွေကို ပြန်ထွက်ခွင့်ပေးလိုက်တာဖြစ်ပေမယ့် ရှာဖွေစစ်ဆေးတာတွေ ဆက်ရှိနေတာကြောင့် လူအသွားအလာတော့ မရှိသေးဘူးလို့ မန်တုံမြို့မှာ နေထိုင်တဲ့ တအာင်းပလောင် အမျိုးသားပါတီ ဥက္ကဌ ဦးအိုက်မုန်းက ပြောပါတယ်။

"ဒီမနက်ပဲ လမ်းတော့ပွင့်တယ်လေ။ မန်တုံကနေ နမ္မတူ၊ လားရှိုးသွားလို့ရပြီ၊ ပြဿနာတက်ပြီးနောက်မှာ ကားတွေ လာပြီးတော့မှ အစီးရေ ၁၀၊ ၂၀ စုမိနေတယ်။ အဲဒီဟာတွေ သူတို့က ပြန်လွှတ်တာပဲ။ ကားတော့ အလွှတ်ပဲ၊ လူတော့သွားသွားလာလာ မရှိသေးဘူး။ လူတော့မရှိသေးဘူးပေါ့။ လမ်းမှာစစ်တာကိုး။ ပလောင်တော့ ပိုဆိုးတာပေါ့လေ။ ပလောင်ဆိုရင်တော့ ဆိုင်ကယ်လည်းစစ်တယ်။ ကားလည်း အကုန်လုံးစစ်တာပဲ"

မန်တုံမြို့ကို ဝင်ထွက်ခွင့် ပိတ်ထားတဲ့ကာလအတွင်း တပ်မတော်က မြို့အတွင်းမှာရှိတဲ့ နေအိမ်တွေကို ည အချိန်တွေမှာ ဝင်ရောက်စစ်ဆေးတာတွေရှိခဲ့ပြီး မနေ့ညကလည်း ဒေသခံ ၁၀ ယောက်ကျော်ကို တပ်မတော်က ဖမ်းဆီးထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးနဲ့ ဖုန်းဆက်ပြောဆိုခဲ့ပြီး ဝန်ကြီးက တပ်မတော်နဲ့ ညှိနှိုင်းပေးမယ်ဆိုပြီး အကြောင်းပြန်ခဲ့တယ်လို့ ဒေသဦးစီး အဖွဲ့ဝင် ဦးသိန်းဇော်က ပြောပါတယ်။

အဲဒီလို သတင်းထွက်နေတာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က အတည်ပြုချက် မရပါဘူး။

သြဂုတ်လ ၅ ရက်နေ့က မန်တုံမြို့အနီးမှာ တပ်မတော်ယာဉ်တန်းကို လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က တိုက်ခိုက် ခဲ့ပြီးနောက်ပိုင်း မန်တုံမြို့ကို ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။