ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်မှာ ဒီဇင်ဘာ ၁၉ ရက်ကနေ ဒီဇင်ဘာ ၂၂ ရက်အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်နှစ်ရာကျော်လုပ်ခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ် ၁၅ လုံး ပျက်စီးခဲ့တယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဒီဇင်ဘာ ၂၃ ရက် ဒီနေ့မနက် သတင်းထုတ်ပြန်ပါတယ်။
(TNLA) ရဲ့ စစ်ဒေသ (၃) ဖြစ်တဲ့ မန်တုံမြို့နယ်မှာ ဒီဇင်ဘာလ ၁၈ ရက်ကစလို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ (၄၃) ကြိမ်၊ Y - 12 လေယာဉ်နဲ့ (၁၈၃) ကြိမ် တိုက်ခိုက်ခဲ့တဲ့အပြင် ခြေလျင်တပ်ရင်း ခလရ (၁၃၀) ကလည်း လက်နက်ကြီးတွေနဲ့ အကြိမ် (၁၃၀) ကျော်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မန်တုံမြို့ပေါ်က ဒုက္ခသည်စခန်းနဲ့ မန်တုံမြို့တွင်း နေရာတချို့ အပါအဝင် လွယ်ကန်ရွာထဲပါ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း အပါအဝင် နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ TNLA က ပြောပါတယ်။
ဒီဇင်ဘာလ ၂၂ ရက် မနေ့ကတစ်ရက်တည်းမှာပဲ မန်တုံမြို့က မန်တုံရဲစခန်း၊ ပြည်သူ့စစ်စခန်း၊ နွားသတ်ကုန်း၊ ဒုက္ခသည်စခန်းအနီးနဲ့ ပန်နင်ရွာလမ်းခွဲနေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် (၆၀) နီးပါး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် (TNLA) စစ်ဒေသ (၄) ဖြစ်တဲ့ နမ္မတူမြို့နယ်က စစ်ကောင်စီတပ်စခန်းနဲ့ ကွတ်ခိုင်မြို့က စစ်ကောင်စီတပ် စခန်းတွေမှာလည်း ဒီဇင်ဘာလ ၂၂ ရက်က တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
ဒေသအခြေစိုက် မီဒီယာတွေကတော့ မန်တုံမြို့ကို (TNLA) သိမ်းပိုက်ခဲ့တယ်လို့ ရေးထားသလို မန်တုံအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁၃၀) တပ်စခန်းကို သိမ်းဆည်းခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကိုပါ ဖော်ပြခဲ့ပါတယ်။
မန်တုံမြို့ကို (TNLA) က သိမ်းပိုက်ခဲ့တယ်ဆိုတဲ့အပေါ် အတည်ပြုနိုင်ဖို့ (TNLA) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
စစ်ကောင်စီဘက်ကလည်း မန်တုံမြို့အခြေအနေနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။