မြောက်ဦးမှာ လက်နက်ကြီးကြောင့် နှစ်ဦး ဒဏ်ရာရ၊ တစ်ဦး စိုးရိမ်ရ

2022.11.12
မြောက်ဦးမှာ လက်နက်ကြီးကြောင့် နှစ်ဦး ဒဏ်ရာရ၊ တစ်ဦး စိုးရိမ်ရ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တစ်နေရာအား ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာထဲကို ဒီနေ့မနက်ပိုင်း လက်နက်ကြီး ကျည် သုံးလုံး ကျရောက် ပေါက်ကွဲခဲ့လို့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တောင်ဖြူတောင်ကနေ လက်နက်ကြီးနဲ့ပစ်တာ။ သုံးလုံးပစ်တယ်။ ကလေးက ၁၁ နှစ် လောက်ရှိပြီ။ နာမည်က ကိုခိုင်ဝင်း။ အဖေနာမည်က လှထွန်းခိုင်။ ဒဏ်ရာကြီးတယ်။ ဆေးရုံရောက်သွားတယ်။ အမျိုးသမီး အသက် ၄၀ ကျော်တစ်ယောက် ဒဏ်ရာရတယ်။ သူနာမည်က မတင်သိန်း။ သူတို့အိမ်နှစ်လုံးကြားထဲကို ကျတာ”

အသက် ၁၁ နှစ်အရွယ် ကလေးငယ်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် မြောက်ဦးဆေးရုံ ကို တင်ပို့ထားရပြီး အနည်းငယ် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ၂ဝ၂၂ ခုနှစ် မေလနောက်ပိုင်း အပြန်အလှန် ဖမ်းဆီးမှုတွေကြောင့် စစ်ရေးတင်းမာခဲ့သလို ဇူလိုင်လကစပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နှစ်ဖက်တပ်တွေအကြား တစ်ကျော့ပြန် တိုက်ပွဲဖြစ်ခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစဖြစ်တဲ့ နှစ်နှစ်ကြာ နှစ်ဖက်တိုက်ပွဲကာလ ကလည်း အရပ်သား ၃၂၀ ဦး သေဆုံးခဲ့သလို ၇၃၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေက ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ဒေသခံ ၁၃,၁ဝဝ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။