မတူပီမြို့နယ်မှာ မိုင်နင်းမိလို့ ဒေသခံတစ်ဦး သေဆုံး

RFA Burmese
2024.03.08
မတူပီမြို့နယ်မှာ မိုင်နင်းမိလို့ ဒေသခံတစ်ဦး သေဆုံး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာနားတွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

Updated 2:47 PM Mar 8, 2024

ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့အနီးမှာ မတ်လ ၈ ရက် မနက်ပိုင်းက တောင်ယာလုပ်ငန်းခွင်ကိုသွားစဉ် မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံတစ်ဦးသေဆုံးပြီး၊ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၀ ဝန်းကျင် ဦးဆန်း၀င်းနိုင်ဖြစ်ပြီး သူနဲ့ အဖော်အဖြစ်ပါလာသူ အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့ နှစ်ယောက် တောင်ယာကို သွားပြီး မီးရှို့ကြတာလေ။ သေသွားတဲ့သူကတော့ နေရာမှာ ပွဲချင်းပြီးသေသွားတာ။ သူရဲ့ အဖော်ကတော့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ လိုင်လင်းပီက ဒေသခံတွေက တောင်ယာမီးရှို့ရင် CNF ကို အသိပေးရတယ်။ ညနေ ၄ နာရီ နောက်ဆုံးထား မြို့ထဲ၀င်ရမှာ၊ မ၀င်နိုင်ရင် တောထဲမှာ အိပ်ရမှာ။ သူတို့က ၄ နာရီထက်နောက်ကျတော့ တောထဲမှာ အိပ်ပြီးတော့ ဒီမနက် မိုင်းနင်းမိတာပဲ"

ချင်းအမျိုးသားတပ်ဦး (CNF) က ထောင်ထားတဲ့ မိုင်းကိုနင်းမိတာလို့ ဒေသခံတွေက ပြောဆိုကြပြီး ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ CNF ပြောခွင့်ရသူ ဆလိုင်းထက်နီကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ကို ၂၀၂၃ ခုနှစ်၊ နို၀င်ဘာလ ၂၄ ရက်နေ့ကတည်းက CNF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူထားတာပါ။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းအထိ သုံးနှစ်အတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးတဲ့ ချင်းလူမျိုး ၃၃ ဦးနဲ့ ဒဏ်ရာရတဲ့သူ ၅၂ ဦး ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ စီမံအရာရှိ ဆလိုင်းမန်ဟရဲလျန်က RFA ကို ပြောထားပါတယ်။

(မှတ်ချက် - အသက် ၅၀ ဝန်းကျင် ဦးဆန်း၀င်းနိုင် အစား အသက် ၃၀ ဝန်းကျင် ဦးဆန်း၀င်းနိုင် ဟု ပြင်ဆင်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။