မတူပီမြို့ အဝင်အထွက် ပိတ်ဆို့စစ်ဆေးမှုကြောင့် ဒေသခံတွေ အခက်တွေ့

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က မြို့အဝင်အထွက်ကို ပိတ်ထားတာကြောင့် မတူပီမြို့ကို စားသောက် ကုန်စည် မရောက်တာ သုံးပတ်နီးပါးရှိနေပြီး စားသောက်ကုန်တွေ ပြတ်လပ်မှာကို စိုးရိမ် နေရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

စက်တင်ဘာလကုန်ပိုင်းက မတူပီမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ မတူပီဒေသကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က အခုလို မြို့အဝင်အထွက် ပိတ် ထားတာဖြစ်ပြီး ခရီးသွားလာခွင့်နဲ့ ကုန်ပစ္စည်းသယ်ယူခွင့်ပါ ကန့်သတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မတူပီမြို့ပေါ်က ဈေးဆိုင်တချို့မှာ စက်သုံးဆီ ပြတ်လပ်နေပြီး စားသောက်ကုန် ဈေးတွေလည်း တက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီဇယ်၊ ဓာတ်ဆီတွေက ၀ယ်ချင်တိုင်း၀ယ်မရဘူး။ တချို့ဆိုင်တွေမှာ ပြတ်နေပြီ။ ဆန်၊ ဆီ၊ ဆားတွေလည်း ဈေးနည်းနည်းတက်တယ်။ ဒီတိုင်းဆက်ပိတ်ထားရင်တော့ စားသောက်ကုန်က ပြတ်တော့မှာ"

မတူပီမြို့အဝင် မတူပီ - ပလက်ဝလမ်း၊ မတူပီ - ဟားခါးလမ်း၊ မတူပီ - မင်းတပ် လမ်း စတဲ့ လမ်း သုံးလမ်းပြီး အဲဒီလမ်းတွေအားလုံးမှာ စစ်ကောင်စီတပ်က ဂိတ်ချပြီး အသွားအလာ တွေကို ပိတ်ဆို့စစ်ဆေးနေတာလို့ ဒေသခံ တွေက ပြောပါတယ်။

ဒီလို စစ်ကောင်စီတပ်က မတူပီမြို့မှာ စားသောက်ကုန်နဲ့ အသွားအလာတွေကို ကန့်သတ် ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီးတော့ အကြောင်းစုံကိုသိနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မတူပီမြို့ ပတ်လည်မှာလည်း စစ်ကောင်စီတပ်က အလံနီ ထောင်ထားတာရှိပြီး နေ့တိုင်း လိုလို လက်နက်ကြီးနဲ့ သေနတ်ပစ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ၁၉ ရက်နေ့ကနေ ၂၉ ရက်နေ့ အတွင်း မတူပီဒေသကာကွယ်ရေး တပ်ဖွဲ့နဲ့ စစ်ကောင်စီ တပ်တို့ လေးကြိမ် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးပြီး မတူပီဒေသကာကွယ်ရေးတပ်ဖွဲ့က တစ်ဦး သေဆုံးတယ်လို့ မတူပီဒေသ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ထိခိုက်သေဆုံးမှု အရေအတွက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။