မတူပီမှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံတစ်ဦး သေဆုံး

ချင်းပြည်နယ်‌ တောင်ပိုင်း မတူပီမြို့ လည်မြိုချောင်းတံတားအနီးမှာ အောက်တိုဘာလ ၁၀ ရက် မနေ့က ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူဟာ မတူပီမြို့အရှေ့ ခိုဘွေရပ်ကွက်မှာ နေထိုင်တဲ့ အသက် (၃၈) နှစ်အရွယ် ဦးလာဒိန်းလျဲန် ဖြစ်ပြီး တောင်ယာသွားတဲ့လမ်းမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေထောက်မှာ ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကတော့ အဲဒီမိုင်းဟာ စစ်ကောင်စီတပ်သားတွေ ထောင်ထားခဲ့တာလို့ ပြောပေ မယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သလို ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က လည်း သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လက်ရှိအချိန်အထိ လည်မြိုချောင်းတံတားအနီးမှာ စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့် တပ်စွဲထားကြပြီး အဲဒီပတ်ဝန်းကျင်မှာ သူတို့ လုံခြုံရေးအတွက် မြေမြှုပ်မိုင်းတွေထောင် တာ ဖြစ် တယ်လို့ CDF မတူပီက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကလည်း ဟားခါးမြို့မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် ဦးဗျက်ကျူံး တောထဲဟင်စားရှာဖို့ ထွက်ရာက လမ်းမှာ မိုင်းနင်းမိလို့ ခြေတစ်ဖက် ဖြတ် လိုက်ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့ကလည်း တီးတိန်မြို့ စကောလမ်းရပ်ကွက်မှာ မိုင်းပေါက်ကွဲတာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ ငါးလအတွင်း တစ်နိုင်ငံလုံးမှာ မြေမြှုပ်မိုင်း ကြောင့် ဒေသခံ ၃၃ ဦး သေဆုံးပြီး ၁၂၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ဩဂုတ်လ ၁၀ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။